Myanmar National League 2024/25 ရာသီပိတ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ပွဲစဉ် (၂၂)အား ယနေ့ ဖေဖော်ဝါရီ (၂၇) ရက်တွင် ကျင်းပနေပြီဖြစ်ရာ ၊အဆိုပါ ရာသီပိတ်ပွဲစဉ်များအပြီး သွင်းဂိုးအများဆုံးဆု (Top Scorer) ဆုကိုရွေးချယ်ချီးမြှင်သွားမည်ဖြစ်သည်။
ယနေ့ ပွဲစဉ်(၂၂)မတိုင်မီ ပွဲစဉ်(၂၁)အပြီးရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ရန်ကျော်ထွေးက (၁၅) ဂိုးအထိ သွင်းယူထားပြီး၊ ဒဂုံပေါ့အသင်း တိုက်စစ်မှူး မိုဂူးနှင့် မဟာယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်တို့က သွင်းဂိုး (၁၃) ဂိုးစီ သွင်းယူထားနိုင်သည်ကို တွေ့ရသည်။
အလားတူ ဟံသာဝတီယူနိုက်တက်အသင်း၏ တိုက်စစ်မှူး အောင်မြတ်သူက သွင်းဂိုး(၁၁) ဂိုးနှင့် ဒဂုံစတားယူနိုက်တက်အသင်း တိုက်စစ်မှူး ဆွမ်လမ်မန်က သွင်းဂိုး (၁၀) ဂိုး အသီးသီးပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် ပွဲစဉ်(၂၂)အပြီး Top Scorer ကို မည်သူ ဆွတ်ခူးရရှိမည်နည်းဆိုသည့်အပေါ် မြန်မာနေရှင်နယ်လိဂ် ကော်မတီ အပါအဝင် ကစားသမားများနှင့် ပရိတ်သတ်တို့အကြား စိတ်ဝင်တစားရှိနေကြသည်။
ယနေ့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များအတွင်း ရန်ကျော်ထွေးပါဝင်သည့် ရန်ကုန်ယူနိုက်တက်နှင့် အားကာသိပ္ပံတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီကုန်အမှတ်ပေးဇယား အဆင့်(၂)နေရာ အတွက် သေချာနေသည့်အသင်းဖြစ်သည်ဟု မြန်မာနေရှင်နယ်လိဂ်ကော် မတီ အသိပေးထားသည်။