ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။
ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့် စားသုံးကုန်များ နိုင်ငံတကာအဆင့်မီထုတ်ပိုးမှုစနစ်များ ပြောင်းလဲနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်သည့်လုပ်ငန်းများပိုမိုလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
“သဘာဝမြေဩဇာထုတ်လုပ်တဲ့လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ရောင်းချနိုင်ဖို့ကို ပံ့ပိုးအားပေးမြှင့်တင်ဆောင်ရွက်ပေးသွားပါမယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးအတွင်းမှာ စားရေရိက္ခာဖူလုံပိုလျှံစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ MSMEs လုပ်ငန်းတွေအတွက်ထုတ်ချေးပေးမယ့် ချေးငွေတွေကို အကျိုးရှိရှိထိထိရောက်ရောက်ဆောင်ရွက်ပေးကြစေလိုပါတယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်ကတင်ပြသည့်လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေစိစစ်ခွင့်ပြုပေးခဲ့သည်။
