မန္တလေးငလျင်ကြီးဒဏ်ကြောင့်ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နေပြည်တော်၌ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း”သုံးသပ်ဆွေးနွေးပွဲတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ စီးပွားရေးကဏ္ဍထိခိုက်ဆုံးရှုံးမှုတွေဟာ အံအားသင့်လောက်အောင်ကြီးမားခဲ့ပါတယ်။ လမ်းတွေဆိုးဆိုးရွားရွားပျက်စီးပြီး တံတားတွေပြိုကျခဲ့သလို MSME လုပ်ငန်းတွေကအစ စက်ရုံအလုပ်ရုံတွေ စီးပွားရေးလုပ်ငန်းကြီးတွေအထိ ထိခိုက်ပျက်စီးခဲ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် အခြေခံအဆောက်အအုံများအားပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မြန်မာ့စီးပွားရေး ၏ အဓိကကျသော အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် အာရုံစိုက်၍လုပ်ဆောင်ကြရမည်ဟု ပြောသည်။
ကူညီထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာသည့်ချေးငွေများ၊ ဒီဂျစ်တယ်သင်တန်းပေးခြင်းများကိုလုပ်ဆောင်ပြီး MSME လုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားစုပြန်လည်ရှင်သန်လာစေရန်ဆောင်ရွက်ပေးနိုင်ပါက မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာပြီး ဆင်းရဲမှုကိုလျော့ချနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးလာနိုင်မည် ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။
အလားတူ ငလျင်ဘေးပြန်လည်ထူထောင်ရေးမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ပြောသည်။
ယင်း ဖိုရမ်များတွင် ပြန်လည်ထူထောင်ရေးဇုန်များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာရှိသည့် သက်သာခွင့်မက်လုံးပေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေးအခြေခံနှင့် လုပ်ထုံးလုပ်နည်းများကိုဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုများကိုလည်း စွမ်းဆောင်နိုင်မည်ဟုယူဆကြောင်း နစကဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။