ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကိုရီးယားသမ္မတနိုင်ငံရှိ Global Issue Forum နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် Global Issue Forum မှ ကိုရီးယားနည်းပညာနှင့် ပြုလုပ်ထားသည့် ဆန်ဖြင့် ခေါက်ဆွဲထုတ်လုပ်သည့် စက်အား မိတ်ဆက်ပေးခြင်း၊ အဆိုပါစက်သည် အခြားပါဝင်ပစ္စည်းများ မပါဝင်ဘဲ ဆန်သီးသန့်ဖြင့်သာ ထုတ်လုပ်နိုင်ခြင်း၊ အရွယ်အစား သေးငယ်၍ အလုပ်သမားအင်အား အနည်းငယ်ဖြင့် ပမာဏများများ ထုတ်လုပ်နိုင်ခြင်း၊ ကိုရီးယားနည်းပညာဖြင့် မိနစ်လေးဆယ်အတွင်း တစ်ရက်လျှင် (၂၅,၀၀၀) ထုပ် ထုတ်လုပ်နိုင်ခြင်း စသည့်အားသာချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မြန်မာနိုင်ငံ၌ လက်ရှိတွင် တရုတ်နိုင်ငံ(တိုင်ပေ)၊ ထိုင်းနိုင်ငံမှ စက်များ၊ နည်းပညာများဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက် ထုတ်လုပ်သူများရှိသဖြင့် ကိုရီးယား နည်းပညာဖြင့် ဆန်ခေါက်ဆွဲအစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေး စီးပွားရေး လုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း သိရသည်။
