မြန်မာ -ထိုင်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်အ ဖြစ် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၄ ရက်အထိသွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် နှင့် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် ၌တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်ပေါင်းရာချီကြာမြင့်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေ ခံထားသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးဘပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ကတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့တက်ရောက်ပြီး နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များလျှော့ချရေးနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ် ကုန်သွယ်ရေးမြှင့်တင်ရေးတို့က်ု ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Her Majestry Queen Sirikit နှင့် ထိုင်းနိုင်ငံတော်ဝင်မင်းသမီး Princess Bajrakitiyabha တို့ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင်ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
