ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ်များအတွက် သွားလာရေး လွယ်ကူစေရန် ကြို/ပို့ယာဉ်များကို အသင်းက စီစဉ်ပေးခြင်းဖြစ်ပြီး၊ လိုက်ပါမည့်သူများအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex၊ လှိုင်မြို့နယ် (သံလမ်းမှတ်တိုင်အနီး)သို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် အရောက်လာကြရန် နှိုးဆော်ထားသည်။
ထို့အပြင် အကြို/အပို့ကားများကို လှိုင်မြို့နယ်မှ သုဝဏ္ဏဘောလုံးကွင်းအထိ ပြေးဆွဲပေးမည်ဖြစ်ကာ ပွဲလက်မှတ်၊ အင်္ကျီ၊ Royal-D တို့ကိုလည်း အခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်အတွက် အထူးတန်းလက်မှတ်များကိုသာရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားပြီးဖြစ် သည်။
ပြိုင်ဘက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဝေးကွင်းလာရောက်ယှဉ်ပြိုင်ရသည့်အတွက် ရှမ်းပြည်နယ်တောင်ကြီးမှ လာရောက်အားပေးမည့် အသင်းပရိတ်သတ်အတွက် အကောင်းဆုံးကြိုးစားကစားမည်ဟု ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် နန္ဒကျော်က ပွဲကြို သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားထားသည်။
MNL League Cup 2025 ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၆ ရက် (တနင်္ဂနွေနေ့) ညနေ ၃နာရီခွဲအချိန်၌ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
