မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ(MYANMAR MUSLIM AID – MMAID) က လူမျိုးဘာသာမခွဲခြားဘဲ ငလျင်ဒဏ်သင့် ပြည်သူများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန် နည်းလမ်း (၃)လမ်းဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပထမ နည်းလမ်းတစ်ခုအနေဖြင့် သတ်မှတ်လျာထားငွေ (၆၅)သိန်း အကုန်အကျခံ၍ ငလျင်ဘေးသင့်သူများ၏ မြေကွက်ပေါ်၌ ပြို/ပျက်သွားသည့် အဆောက်အဦများကို ပြန်လည်ပြုပြင်ပေးခြင်းနှင့် တစ်ထပ်သွပ်မိုးအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒုတိယနည်းလမ်းအနေဖြင့် သတ်မှတ်လျာထားငွေ တစ်လလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် (၆)လစာအတွက် (၁၈)သိန်း အကုန်အကျခံ၍ လချုပ်ဖြင့် အိမ်ခန်းများ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားရန်ဖြစ်သည်။
နောက်ဆုံး တတိယနည်းလမ်းအဖြင့် သတ်မှတ်လျာထားငွေ ကျပ်(၄၀)သိန်း အကုန်အကျခံ၍ ယာယီအိမ်ယာ စခန်းများတွင် နေထိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး (MYANMAR MUSLIM AID -MMAID) က မန္တလေးမြို့ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယာယီနေထိုင်ရေးစခန်း (၄)ခု ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။