မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဥက္ကဌသစ်ရွေးကောက်ပွဲကို ၂၀၂၇ ဇူလိုင်လတွင် ပြုလုပ်မည် ဖြစ်သည်။
“ဥက္ကဌသစ် ရွေးချယ်တင်မြှောက်ရေးအတွက် အမှုဆောင်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ ဇူလိုင်လအတွင်း ပြုလုပ်သွားမှာဖြစ်တယ်” ဟု လက်ရှိ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က ပြီးခဲ့သည့် ဇွန် (၁၁) ရက်က ပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် Official Partnership Signing Ceremony ၌ တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
သူ့အနေဖြင့်လည်း လာမည့်နှစ်အတွင်း၌ ဥက္ကဌ ရာထူးသက်တမ်းကုန်ဆုံးမည် ဖြစ်ကာ တစ်နှစ်အလိုဖြစ်သည့် ယခု အချိန်ကတည်းက ကြိုတင်ပြောကြားထားရခြင်းဖြစ်ကြောင်းလည်းဆိုသည်။
မည်သူမဆို MFF ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံနိုင်ကာ ကျင်းပပြီးစီးခဲ့သည့် MFF ရွေးကောက်ပွဲ (၃) ကြိမ်စလုံး၌ MFF ဥက္ကဌရာထူးအတွက် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်မထွက်လာဖူးသေးပေ။
ထို့ကြောင့် လက်ရှိဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်ကပဲ သုံးကြိမ်ဆက်တိုက် တာဝန်ယူထားသည်။
သို့သော် FIFA ၏ Rules အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌသည် ရွေးကောက်ပွဲသက်တမ်း (၃) ကြိမ်အထိသာ တာဝန်ထမ်းဆောင်ခွင့် ရှိသောကြောင့် ယခုတကြိမ်၌ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က အနားယူရမည် ဖြစ်သည်။
