နေပြည်တော်၊ သြဂုတ်-၁၅
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း အသိပေးထားသည်။
ထို့အပြင် အကျိုးခံစားခွင့်ရရှိရန် လျှောက်ထားပုံစံ (Registration Form) များနှင့် စပ်လျဉ်း၍လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်း မရှိကြောင်း ပါရှိသည်။
လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အကျိုးခံစားခွင့်ရှိသူများ စာရင်းကောက်ခံသည့် အဆင့်မှာလည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် MCCT အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ကြေးပေးနိုင်ရန် စာရင်းမကောက်ယူမီ အများပြည်သူ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးသွင်းနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာများနှင့် သတင်းစာများမှတစ်ဆင့် ကြိုတင် နှိုးဆော်လေ့ရှိကြောင်းလည်း သိရသည်။
