စင်ကာပူ၊ စက်တင်ဘာ ၁၈
Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ Apple Store ရှေ့၌ ဝယ်ယူသူ ရာနှင့်ချီ လာရောက်တန်းစီခဲ့ကြပြီး အချို့မှာ ဖုန်းသစ်ကို အစောဆုံးရရှိနိုင်ရန် ညလုံးပေါက် စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ် ITE College East ကျောင်းသား ဟတ်တာရန်းသည် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီကတည်းက ဆိုင်ရှေ့၌ လာရောက်တန်းစီခဲ့ပြီး နောက်တစ်နေ့ နံနက် ၈ နာရီ ဆိုင်ဖွင့်ချိန်တွင် iPhone 18 Pro Max ကို အစောဆုံးရရှိသူများအနက် တစ်ဦးဖြစ်လာခဲ့သည်။
လက်ရှိ အလုပ်သင်ဆင်းနေသည့် ရန်းအတွက် ယင်းနေ့မှာ အလုပ်ပိတ်ရက်ဖြစ်ပြီး Apple ၏ နှစ်စဉ်ထုတ်ကုန်သစ် မိတ်ဆက်ပွဲများ၌ တွေ့မြင်ရသည့် စိတ်လှုပ်ရှားဖွယ်အခြေအနေကို ကိုယ်တိုင်တွေ့ကြုံလိုသဖြင့် ယခုနှစ်တွင် ဆိုင်ရှေ့၌ ကိုယ်တိုင်လာရောက် တန်းစီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခင်က iPhone 17 Pro Max အသုံးပြုခဲ့သည့် ရန်းက iPhone 18 Pro Max တွင် ပိုမိုကြီးမားသည့် ဘက်ထရီ၊ ကင်မရာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုနှင့် ပိုမိုသေးငယ်လာသည့် Dynamic Island တို့ကြောင့် ဖုန်းသစ်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဆိုင်မဖွင့်မီ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဝယ်ယူသူ ၁၄၀ ခန့် တန်းစီစောင့်ဆိုင်းနေပြီး နံနက် ၈ နာရီ ဆိုင်ဖွင့်ချိန်တွင် လူဦးရေ ၂၀၀ ခန့်အထိ ရှိလာခဲ့သည်။
တန်းစီစောင့်ဆိုင်းသူအချို့မှာ ဆိုင်ပြင်ပတွင် ထိုင်၍ဖြစ်စေ၊ အိပ်စက်၍ဖြစ်စေ စောင့်ဆိုင်းခဲ့ကြသကဲ့သို့ အချို့မှာ အချင်းချင်း စကားပြောဆိုရင်း စောင့်ဆိုင်းခဲ့ကြပြီး ခရီးဆောင်အိတ်များနှင့် လာရောက်သူများလည်း ရှိခဲ့ကြောင်း သိရသည်။
ဆိုင်ဖွင့်ချိန် နီးကပ်လာသည့်အခါ Apple ဝန်ထမ်းများက ငါးမိနစ် နောက်ပြန်ရေတွက်မှု ပြုလုပ်ခဲ့ကြပြီး ဆိုင်တံခါးဖွင့်သည်နှင့် ဝယ်ယူသူများက ကြိုတင်မှာယူထားသည့် ဖုန်းများကို လာရောက်ထုတ်ယူခြင်းနှင့် ဆိုင်တွင် တိုက်ရိုက်ဝယ်ယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ရန်းက စင်ကာပူတွင် iPhone 18 Pro Max ကို အစောဆုံးရရှိသူများထဲမှ တစ်ဦးဖြစ်လာသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပြီး မူလက Burgundy အရောင်ကို ရွေးချယ်ရန် စဉ်းစားထားသော်လည်း နောက်ဆုံးတွင် Glacier အရောင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
Ref: The Straits Times
