နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပေးနေသည့် International Medical Corps (IMC) အရေးပေါ်ဆေးအဖွဲ့သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြီးဆုံး၍ အမေရိကန်အခြေစိုက် International Medical Corps (IMC)အရေးပေါ်ဆေးအဖွဲ့သည် မေလ (၁၉) ရက်တွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
မန္တလေး ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ဆေးအဖွဲ့ပေါင်း (၂၈) ဖွဲ့ လာရောက်ကူညီပေးခဲ့ရာ အဆိုပါအဖွဲ့များထဲတွင် International Medical Corps (IMC) အဖွဲ့လည်း အပါအဝင်ဖြစ်သည်။
IMC ဆေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ၌ ဧပြီ (၁၉) ရက်မှ မေ (၁၈) ရက်အထိ တစ်လအကြာ ယာယီအရေးပေါ်ဆေးခန်းဖွင့်လှစ်ကာ ပြင်ပလူနာစုစုပေါင်း (၁,၄၀၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆေးနှင့်ဆေးပစ္စည်းများ၊ ယာယီတဲများနှင့် အဆောက်အအုံသုံးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။