ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့် ပက်သက်သော ဆုံးဖြတ်ချက်ကို ILOမှ ချမှတ်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောသည်။
ထိုသို့ ချမှတ်သော ဆုံးဖြတ်ချက်သည် ILO၏ နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာမြန်မာနိုင်ငံအစိုးရအပေါ် ILO စာမျက်နှာမှ တဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့ကြောင့် ILO မှ ထုတ်ပြန်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရဖိအားပေးလိုသော ဆုံးဖြတ်ထားသည့် အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွါးရေး လုပ်ငန်းများအပေါ် သက်ရောက်မှုမရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်အတွင်း အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိစေရေး၊ လူမှုဘဝ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျှက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွပ်လတ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်မည်ဟုအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။