အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ရှေ့နေချုပ် ကရင်မ်ခန်း(Karim Khan) အပေါ် စွဲချက်တင်ထားသည့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ ကိစ္စရပ်များကို တရားရုံး၏ အမှုဆောင်ဌာနက ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း ဝန်ထမ်းများထံ ပေးပို့သည့် ရုံးတွင်းစာချွန်လွှာတစ်ခုတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံကမူ ခန်းအပေါ် စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုများကို အကြောင်းပြ၍ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ် ဂါးလန့် တို့ကို ဖမ်းဝရမ်းထုတ်ထားသည့်အမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။
ခန်းသည် သူ၏ရုံးခန်းရှိ အမျိုးသမီးရှေ့နေတစ်ဦးနှင့် သဘောတူညီမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း သူ့အား ယရာထူးမှချထားသည်။ သူကမူ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
တစ်နှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ကုလသမဂ္ဂ ပြည်တွင်းကြီးကြပ်ရေး ဝန်ဆောင်မှုရုံး (OIOS) သည် ၎င်း၏ လျှို့ဝှက်အချက်အလက် ရှာဖွေရေး အစီရင်ခံစာကို ဒီဇင်ဘာလတွင် ICC ၏ အမှုဆောင်ဌာန (အဖွဲ့ဝင်နိုင်ငံများ ညီလာခံ၏ ဗျူရို – Bureau of the Assembly of States Parties) ထံ တင်ပြခဲ့သည်။
ယင်းအစီရင်ခံစာအရ ခန်းသည် စွပ်စွဲချက်များမှ ကင်းစင်သွားပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း “အစီရင်ခံထားတဲ့ (ကုလသမဂ္ဂ) တွေ့ရှိချက်တွေဟာ ရှေ့နေချုပ်ရဲ့ ဦးဆောင်မှုအပေါ် ဆက်လက်ယုံကြည်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်ုပ်တို့ ယူဆပါတယ်” ဟု တာဝန်ရှိသူများ၏ စာချွန်လွှာတွင် ဖော်ပြထားသည်။
ယင်း စာချွန်လွှာတွင် ဥက္ကဋ္ဌ Paivi Kaukoranta က “ဗျူရိုရှေ့မှောက်က စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေဟာ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး လျှို့ဝှက်အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဘယ်လို ဆုံးဖြတ်ချက်မှ မချမှတ်ရသေးသလို လတ်တလော မီဒီယာတွေရဲ့ ခန့်မှန်းချက်တွေကိုလည်း အတည်မယူသင့်ပါဘူး” ဟု ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အစိုးရရှေ့နေရုံးအတွင်း၌လည်း ကုလသမဂ္ဂ ပြည်တွင်းကြီးကြပ်ရေး ဝန်ဆောင်မှုရုံးမှ အစီရင်ခံစာကို ကန့်ကွက်မှုများ ပေါ်ထွက်လာသည်။
တရားသူကြီးများကလည်း ဤအမှု၏ အားနည်းချက်များကို ထပ်လောင်းအလေးပေးပြောကြားခဲ့ပြီး သက်သေထွက်ဆိုချက်များတွင် ကွဲလွဲမှုများနှင့် ယုံကြည်စိတ်ချရမှုဆိုင်ရာ မဖြေရှင်းနိုင်သေးသည့် မေးခွန်းများအပါအဝင် “ဖြေရှင်းမရသေးသည့် အချက်အလက်ဆိုင်ရာ အငြင်းပွားမှုများစွာ ကျန်ရှိနေသည်” ဟု မှတ်ချက်ပြုခဲ့သည်။
