ကျောင်းသုံးပြဌာန်းစာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယခုပညာသင်နှစ်မှစပြီး Grade – 10၊ Grade -11 နှင့် Grade – 12 တက်ရောက်နေသည့်ကျောင်းသား/သူများ အနေဖြင့် ပညာသင်နှစ်ပြီးဆုံးပါက ပြဋ္ဌာန်းစာအုပ်များကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ သိရသည်။
” ပြန်လည်အပ်နှံတဲ့ ကျောင်းသုံးစာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ပြန်သုံးသွားမယ်။ နှစ်စဉ်ပြဌာန်းစာအုပ်တွေကို အသစ်ရိုက်နှိပ်ပြီး ကျောင်းသား/ကျောင်းသူတွေကိုပေးတယ်ပေါ့။ အခု လာမယ့်နှစ်ကစပြီး ပြဌာန်းစာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့သွားဖို့ ဆောင်ရွက်နေတယ်။ ဒီစနစ်ကို ပြင်ဆင်ထားတာကြာပါပြီ”ဟု ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွင် မူလတန်းနှင့် အလယ်တန်း သင်ရိုးညွှန်းတမ်းဖတ် စာအုပ်များကို ပြန်လည်အပ်နှံစရာမလိုဘဲ အထက်တန်းဖတ်စာအုပ်များကိုသာ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။