ဧပြီလ ၁၁ ရက်
ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။
ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က ဖော်ပြခဲ့သည်။
ဤလှိုင်းအလျားသည် အမေရိက၊ တရုတ်နှင့် အခြားနိုင်ငံများတွင် တီထွင်နေကြသည့် အလွန်တိကျပြီး သယ်ဆောင်ရလွယ်ကူသော နျူကလီးယားနာရီများအတွက် အဓိကလိုအပ်ချက်ကို ဖြည့်တင်းနိုင်စွမ်းရှိပေသည်။
ယခင်က အသုံးပြုခဲ့သည့် ပိုတက်စီယမ် ဘယ်ရီလီယမ် ဖလိုရိုဘိုရိတ် ခရစ်စတယ်မှာ ၁၅၀ နာနိုမီတာအထိသာ ရောက်ရှိနိုင်ပြီး နျူကလီးယားနာရီများအတွက် လိုအပ်သော ၁၄၈.၃ နာနိုမီတာ အဆင့်သို့ မပြည့်မီခဲ့ပေ။ ယခု အောင်မြင်မှုသည် ယခင်စံချိန်များကို ကျော်လွန်သွားခြင်း ဖြစ်သည်။
အဆိုပါစမ်းသပ်ချက်သည် မျိုးဆက်သစ် ခရမ်းလွန်ရောင်ခြည်သုံး ပစ္စည်းများကို ဒီဇိုင်းထုတ်ရန် လမ်းစသစ်တစ်ခုဖြစ်ပြီး “သိုရီယမ်-၂၂၉ နျူကလီးယားနာရီများကို လက်တွေ့အကောင်အထည်ဖော်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်” ဟု ရှင်ကျန်းရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒနည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဖန်ရှီလီ ဦးဆောင်သော အဖွဲ့က ရေးသားထားသည်။
နျူကလီးယားနာရီ သည် အက်တမ်နာရီများကဲ့သို့ အီလက်ထရွန်များကို အသုံးမပြုဘဲ အက်တမ်အမြုတေအတွင်းရှိ တုန်ခါမှုများကို အသုံးပြု၍ အချိန်မှတ်သားခြင်း ဖြစ်သည်။ အက်တမ်အမြုတေသည် ပတ်ဝန်းကျင်၏ သက်ရောက်မှုကို ခံရမှု အလွန်နည်းပါးသောကြောင့် နျူကလီးယားနာရီသည် ပိုမိုမြင့်မားသော တိကျမှုကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး GPS မရရှိနိုင်သော အာကာသနက်ပိုင်း သို့မဟုတ် ရေအောက်ပိုင်းတို့တွင် လမ်းညွှန်မှုပေးရန် အထောက်အကူပြုမည် ဖြစ်သည်။
အဆိုပါနာရီသည် သိုရီယမ်အက်တမ်များ၊ ၎င်းတို့ကို စမ်းသပ်ရန် လေဆာတစ်ခုနှင့် အချက်ပြမှုကို ဖတ်ရန် ထောက်လှမ်းကိရိယာ တစ်ခုတို့ကို အသုံးပြုထားသည်။ အဆိုပါလေဆာသည် အက်တမ်အမြုတေအား “စက္ကန့်အချက်ပေးသံ” ပေါ်ထွက်လာစေရန် သတ်မှတ်ထားသော လှိုင်းအလျားအတိအကျသို့ ချိန်ညှိထားရမည် ဖြစ်သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
