လာမယ့် ဒီဇင်ဘာလ အမေရိကန်မှာ ကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ဖို့ မစဉ်းစားရသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
GB News ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သူက “ဒီအကြောင်း ကျွန်တော် မစဉ်းစားရသေးပါဘူး” လို့ ဖြေကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပူတင်ကို G20 ပွဲ ဖိတ်ဖို့ ထရမ့် စဉ်းစားနေတယ်လို့ The Washington Post သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။ အဲဒီပွဲကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပမှာပါ။
ဒီဇင်ဘာလ အမေရိကန်မှာ လုပ်မယ့် လာမယ့် G20 ပွဲကို ရုရှားသမ္မတ တက်ရောက်တာဟာ အရမ်းအကျိုးရှိလိမ့်မယ်လို့ ထရမ့်က သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာတော့ ဒီဆွေးနွေးပွဲကို ရုရှားဘက်က ထိပ်ပိုင်းအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောထားပါတယ်။
