အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် FPTP(အနိုင်ရသူအကုန်ယူ)စနစ် မဲဆန္ဒနယ်မှ မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ်တည်းသာ မဲပေးခွင့်ရမည်ဖြစ်ပြီး PR(အချိုးကျ ကိုယ်စားပြု)စနစ်အတွက် သီးခြားမဲပေးရန် မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကသိရသည်။
BBC သတင်းဌာန၏ မဲဆန္ဒနယ်များ ခွဲထားရာ၌ FPTP နှင့် MMP (FPTP စနစ်နှင့် PR စနစ် ပေါင်းစပ်ထားခြင်း)စနစ်တို့တွင် မဲဆန္ဒရှင်၏ မဲတစ်ပြားကို မည်သို့ ရေတွက်မည်ဆိုသည့် မေးမြန်းချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“MMP စနစ်ဆိုတာ FPTP စနစ်နဲ့ PR စနစ် ၂ မျိုး ပေါင်းစပ်ထားတာဖြစ်ပြီး FPTP ကိုယ်စားလှယ် ရွေးချယ်နိုင်ဖို့ ယခင်ရွေးကောက်ပွဲများမှာ FPTP စနစ်နဲ့ မဲပေးတဲ့ပုံစံအတိုင်း အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ်က မိမိကြိုက်နှစ်သက်တဲ့ လွှတ်တော်ကိုယ် စားလှယ်လောင်းကို တစ်ကြိမ်တည်း မဲပေးရမှာဖြစ်တယ်။
PR စနစ်အတွက် သီးခြားမဲပေးရန် မလိုပါဘူး။ FPTP မဲဆ န္ဒနယ်က ရရှိတဲ့ မဲတွေအရ မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းက သက်ဆိုင်ရာ FPTP မဲဆန္ဒ နယ်မှာ အနိုင်ရရှိမှာဖြစ်ပါတယ်”ဟု UEC က ပြန်ဖြေကြားထားသည်။
ထို့ပြင် PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ရွေးချယ်နိုင်ရာတွင် သက်ဆိုင်သည့် FPTP မဲဆန္ဒနယ်များ၌ ပါတီကိုယ် စားပြုဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်များရသည့် မဲများကို PR မဲ ဆန္ဒနယ်အတွက် ပါတီရသည့် မဲများအဖြစ်ပေါင်းစည်းကာ အချိုးကျတွက်ချက်၍ PR ဘက်ခြမ်းရှိ ပါတီကိုယ်စားပြုကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် ပေးမည်ဖြစ်ကြောင်း သိရသည်။
