နေပြည်တော်၊ ဇူလိုင်-၂၄
ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပျဉ်းမနားဘူတာသို့ ရောက်ရှိလာသည့် ရန်ကုန်-မန္တလေး DEMU ရထား၏ အထက်တန်းတွဲအတွင်း လိုက်ပါစီးနင်းလာသည့် အမျိုးသမီး ၄ ဦးသည် ရထားပေါ်တွင် ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ ကွမ်းစားခြင်း၊ ထိုင်ခုံအစွပ်များကို ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးများဖြင့် ပေကျံစေခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ပတ်စေခြင်းတို့ ပြုလုပ်ခဲ့ပြီး ကွမ်းတံတွေးထည့်ထားသည့် ဘူးများကိုလည်း ရထားပေါ်တွင်ပင် ချန်ထားခဲ့ကြောင်း စုံစမ်းတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုနှင့် ရေးသားချက်များ TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရထားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်ချက်အရ စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သူများမှာ ပျဉ်းမနားမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီး ၄ ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် ပျဉ်းမနားဘူတာရုံပိုင်က ပျဉ်းမနားမြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
