တရုတ်သုတေသနအဖွဲ့တစ်ဖွဲ့သည် လင်းနို့မှဆင်းသက်သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဗိုင်းရပ်စ်သည် COVID-19 ဖြစ်စေသည့်ဗိုင်းရပ်စ်နှင့်အလားတူ လူသားဆဲလ်များကို ဝင်ရောက်နိုင်သောလမ်းကြောင်း (ACE2 receptor) ကိုအသုံးပြုနိုင်သည့်အတွက် တိရစ္ဆာန်မှလူသားသို့ ကူးစက်နိုင်ခြေရှိကြောင်း သိရသည်။
ဤသုတေသနကို “လင်းနို့အမျိုးသမီး” (Batwoman) အဖြစ်လူသိများသည့် ဗိုင်းရပ်စ်ပညာရှင် ရွှီကျင့်လီ ဦးဆောင်ပြီး ကွမ်ကျိုးဓာတ်ခွဲခန်း၊ ကွမ်ကျိုးသိပ္ပံအကယ်ဒမီ၊ ဝူဟန်တက္ကသိုလ်နှင့် ဝူဟန်ဗိုင်းရပ်စ်သုတေသနအင်စတီကျူ့မှ သိပ္ပံပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရွှီကျင့်လီသည် COVID-19 ၏မူလအစနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာဖြစ်နေသည့် ဝူဟန်အင်စတီကျူ့တွင် လင်းနို့မှကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ်များအပေါ် နှစ်ပေါင်းများစွာသုတေသနပြုခဲ့သူအဖြစ် ကျော်ကြားသည်။ အထူးသဖြင့် COVID-19 ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ မတော်တဆလွတ်ထွက်မှုကြောင့်ဖြစ်နိုင်သည်ဟူသော သံသယသီအိုရီကို ထောက်ခံသူများကမူ သူမ၏လုပ်ဆောင်ချက်များကို မကြာခဏ ထောက်ပြညွှန်းဆိုလေ့ရှိသည်။
သတိပြုရန်မှာ ယခုတွေ့ရှိမှုသည် လင်းနို့မှဆင်းသက်သည့် ဗိုင်းရပ်စ်များ၏ လူသားများအား ကူးစက်နိုင်စွမ်းနှင့်ပတ်သက်၍ လတ်တလောဆုံးဖြတ်ရန် စောသေးသလို ထပ်မံသုတေသနပြုရန် လိုအပ်သေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအတွက် ဖြစ်နိုင်ခြေရှိသော ကပ်ရောဂါအန္တရာယ်များကို စောင့်ကြည့်ရန် အရေးကြီးကြောင်း သုတေသီများက ထည့်သွင်းပြောဆိုခဲ့သည်။
