နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသော်လည်း CMP ကုန်ကြမ်းများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ပြည်တွင်း၌ ချုပ်လုပ်ပြီး ပြည်ပသို့တင်ပို့နေသည့် အထည်လိပ်ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှတဆင့် တင်သွင်းရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းကို တင်သွင်းရာတွင် တရုတ်နိုင်ငံမှ (၉၀) ရာခိုင်နှုန်းကျော် တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
” ဟိုဘက်ကနေတော့ ကုန်ကြမ်းမလာဘူးလို့တော့ မကြားရသေးဘူး။ ကြားရင်တော့ ပြန်ပြောပေးပါ့မယ်” လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည်အလိပ်ကုန်ကြမ်းများကို လုပ်ငန်းအပ်နှံထားသည့် ပြည်ပနိုင်ငံများမှ တရုတ်နိုင်ငံ ဈေးကွက်မှတဆင့် ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။
ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ် သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံ စသည့်အနောက်နိုင်ငံများသည် မြန်မာချုပ်ထည်များကို အဓိကတင်ပို့သည့် ဈေးကွက်များဖြစ်ကြောင်းလည်း သိရသည်။
