မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။
CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂,၆၇၀ ကို ပေးသွင်း၍ မိမိ CI လျှောက်ထားလိုသည့်စခန်းအမည်နှင့် နေ့ရက်တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ငွေပေးသွင်းပြီးပါက 7-Elevenစတိုးဆိုင်များက ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် စခန်းတွင် CI သွားရောက်ပြုလုပ်နိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
CI လျှောက်ထားရာတွင် ကုန်ကျစရိတ်အဖြစ် ဘတ်၂,၆၇၀ သာကုန်ကျမည်ဖြစ်သဖြင့် မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး သတိပြုနိုင်ရန်နှင့် စခန်းများအား အပတ်စဉ်တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး(ဗန်ကောက်)မှကြေညာသည့် ရုံးပိတ်ရက်များတွင် စခန်းများပိတ်မည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ထား သည်။
