ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် အထူးအစီအစဉ်အဖြစ် YBS မော်တော်ယာဉ် (၂၅) စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးပွဲအပြီး ည (၇) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ စတင်ထွက်ခွာပေးမည်ဖြစ်ကာ မိမိတို့စီးနင်းလိုသည့် လမ်းကြောင်းအလိုက် သတ်မှတ်ထားသော ဂိတ်ပေါက်များအနီးတွင် အလွယ်တကူ စီးနင်းနိုင်ရန် စီစဉ်ထားရှိကြောင်း အသိပေးထားသည်။
ပြေးဆွဲပေးရာတွင် လမ်းကြောင်းအုပ်စု (၅) စုခွဲ၍ ယာဉ်လိုင်းတစ်စုလျှင် (၅) စီးစီဖြင့် စုစုပေါင်း ယာဉ်အစီးရေ (၂၅) စီး ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ပြေးဆွဲမည့် လမ်းကြောင်းများမှာ အုပ် စု-၁ အဖြစ် ဘောလုံးကွင်း–သာကေတ– ကျောက်တိုင်–ဆူးလေ၊ အုပ်စု-၂အဖြစ် ဘောလုံးကွင်း–စံပြဈေး–ဘေလီ–ပင်လုံ–ပြည်ထောင်စုလမ်း–၇/၈ လမ်းဆုံ –ဒဂုံတက္ကသိုလ်၊ အုပ်စု-၃ အဖြစ်ဘော လုံးကွင်း–တောင်မြောက်လမ်းဆုံ– လှော်ကားလမ်း–၇၁ ဂိတ်ဆုံး၊ အုပ်စု-၄အဖြစ် ဘောလုံးကွင်း–ဝေဇယန္တာလမ်းအတိုင်း –မြောက်ဥက္ကလာ–အဝေးပြေးနှင့် အုပ်စု-၅အဖြစ် ဘောလုံးကွင်း–အရှေ့မြင်း ပြိုင်ကွင်း–ရန်ကင်း–လှည်းတန်း–အင်းစိန်လမ်း–သမိုင်းလမ်းဆုံစသဖြင့် စီစဉ်သတ်မှတ်ပေးထားသည်။
ယာဉ်ရပ်နားစီးနင်းရမည့် နေရာများအဖြစ် လေးထောင့်ကန်လမ်းမကြီးဘက်ခြမ်း Gate 7 အနီးရှိ ယာဉ် (၁၀) စီးတွင် အုပ်စု (၂) နှင့် အုပ်စု (၃) လမ်းကြောင်းများအတွက် လည်းကောင်း၊ ဝေဇယန္တာလမ်းမကြီးဘက်ခြမ်း Gate 2၊ 3၊ 4၊ 5 အနီး ရှိ ယာဉ် (၁၅) စီးတွင် အုပ်စု(၁)၊ (၄) နှင့် (၅) လမ်းကြောင်းများအတွက်လည်းကောင်း ခွဲခြားစီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်များသည် ပွဲအပြီး ည (၇) နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ရာ ဘောလုံးပရိသတ်များအနေဖြင့် မိမိတို့သွားရောက်လိုသော လမ်းကြောင်းအလိုက် သတ်မှတ်ယာဉ်ရပ်နားရာ ဂိတ်ပေါက်နေရာများသို့ အချိန်မီလာရောက်စီးနင်းရန် အသိပေးနှိုးဆော်ထားသည်။
