နိုင်ငံတော်မှ HIV ပိုးရှိလူနာများအား ကုသပေးလျက်ရှိသော ART နှင့် ဆေးပစ္စည်းများ ဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၆၀,၀၀၀ ကို တိုးမြှင့်ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှတွေ့ရှိချက်များနှင့် ပတ်သက်၍ ညှိနှိင်းဆွေးနွေးပွဲတွင်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ဦးတည်အုပ်စုဝင်များတွင် Concentrated Ep idemic အနေနှင့် ဆက်လက်ကူးစက်လျက်ရှိကြောင်း နှင့် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် HIV/AIDS ရောဂါကို ဦးစားပေး ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အ မျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၂၇-၂၀၃၀) ရေးဆွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်နေကြောင်း သိရသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ အမြဲ တမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ လုပ်ငန်းဆန်းစစ်သုံးသပ်ရာတွင်ပါဝင်ခဲ့သည့် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ဒေသဆိုင်ရာအဖွဲ့ရုံး၊ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ မြန်မာနိုင်ငံအခြေစိုက် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ်(UNAIDS)အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ART ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၃၆၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
