AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌ AI နည်းပညာအခြေခံလုပ်ငန်းခွင် အသုံးချမှုသင်တန်းဖွင့်ပွဲတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
AI နည်းပညာသည် မရှိမဖြစ်နည်းပညာတစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်ရာ လုပ်ငန်းနယ်ပယ်များတွင် AI နည်းပညာကိုအသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သောအချက်အလက်များကို မြန်မြန်ဆန်ဆန်စုစည်း၍ စနစ်တကျအသုံးချလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများလျှော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ဟု ပြောသည်။
ထို့သို့ AI နည်းပညာသည် အကျိုးကျေးဇူးများစွာရှိသော်လည်း စိန်ခေါ်မှုများစွာရှိနေကာ AI စနစ်အပေါ် မှီ ခိုမှုများပြားလာပါက လူသားတို့၏တွေးခေါ်ကြံဆနိုင်မှုစွမ်းရည်များကျဆင်းလာနိုင်မည်ဖြစ်၍ အလွန်အ မင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်သုံးစွဲကြရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က မှာ ကြားခဲ့သည်။
ထို့နောက် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က AI နည်းပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ သင်တန်းနည်းပြများအတွက်ချီးမြှင့်ငွေပေးအပ်ခဲ့သည်။