AI နည်းပညာကို ကျင့်ဝတ်နှင့်အညီ အသုံးချ၍ လူငယ်အိပ်မက်များ အကောင်အထည်ဖော်ရန် တိုက်တွန်း
နေပြည်တော်၊ ဇူလိုင် ၂၃
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းကျင်းပသည့် “AI နှင့် အနာဂတ်လူငယ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ဇူလိုင် ၂၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက AI အသိပညာဆွေးနွေးပွဲများမှတစ်ဆင့် AI နည်းပညာကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တီထွင်ဖန်တီးနိုင်ရေးနှင့် လူငယ်များအနေဖြင့် သုံးစွဲသူကျင့်ဝတ်နှင့်အညီ AI နည်းပညာကို အသုံးချကာ မိမိတို့၏ အိပ်မက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နည်းပညာခေတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် တက်ကြွစွာ ပါဝင်၍ အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးမည့် စွန့်ဦးတီထွင် လူငယ်ကိုယ်စားလှယ်နှင့် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူလေးဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် “AI နှင့် အနာဂတ်လူငယ်” ခေါင်းစဉ်ဖြင့် လူငယ်ကိုယ်စားလှယ်နှင့် ကျောင်းသား၊ ကျောင်းသူလေးဦးတို့က AI နည်းပညာ၏ အခန်းကဏ္ဍနှင့် အနာဂတ်အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက AI နှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
