AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့
ကွေ့ယှန်း၊ ဩဂုတ် ၃
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားတွင် ဉာဏ်ရည်တု (AI) နည်းပညာသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည့် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ရပ်တည်နေကြောင်း တက်ရောက်လာသည့် ပညာရေးတာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များက သဘောတူညီခဲ့ကြသည်။
အခမ်းအနားတွင် AI နည်းပညာကို အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်းများ၌ ပေါင်းစပ်အသုံးပြုရေး၊ လုပ်ငန်းခွင်နှင့် ပညာရေးချိတ်ဆက်မှု မြှင့်တင်ရေး၊ AI လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံမှ AI ကျွမ်းကျင်သူတစ်ဦးဖြစ်လာသည့် ဝိုရာဝစ် ဘွန်ကိတ်က တရုတ်နိုင်ငံ၌ မဟာဘွဲ့တက်ရောက်ခဲ့သည့် အတွေ့အကြုံက AI နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၊ လာအိုနှင့် အခြားအာဆီယံနိုင်ငံများမှ တာဝန်ရှိသူများကလည်း AI ကို ပညာရေးကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ အသုံးချရေး၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် AI ကျင့်ဝတ်များကို သင်ကြားပေးရေးတို့တွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေသင်ယူလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်တက္ကသိုလ်များသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်း၍ AI၊ Smart Manufacturing၊ Big Data၊ အနုပညာနှင့် AI ပေါင်းစပ်ပညာရေး၊ AI အထောက်အကူပြု ဘာသာစကားသင်ကြားရေး စသည့် အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် AI လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်း သိရသည်။
