ရန်ကုန်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Women’s Champions League အုပ်စုအဆင့် မဲခွဲမှုအရ အုပ်စု (က) တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် အီရန်နိုင်ငံတို့မှ ထိပ်တန်းကလပ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပခဲ့သည့် အုပ်စုအဆင့် မဲခွဲမှုအရ ဧရာဝတီအမျိုးသမီးအသင်းသည် Naegohyang Women’s FC (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်) နှင့် Bam Khatoon FC (အီရန်) တို့နှင့်အတူ အုပ်စု (က) တွင် ပါဝင်ခဲ့သည်။
အဆိုပါ အုပ်စုအဆင့်တွင် အသင်း ၁၂ သင်းကို အုပ်စု ၃ ခုခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ရာ အုပ်စုတစ်ခုချင်းစီမှ ပထမ၊ ဒုတိယ ရရှိသူများနှင့် အကောင်းဆုံး တတိယရ ၂ သင်းတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များကို ဧရာဝတီအမျိုးသမီးအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ပြည်တွင်း၌ တိုက်ရိုက် ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပြီး ဧရာဝတီအမျိုးသမီးအသင်းသည် Preliminary Stage အုပ်စု (F) တွင် FC Jurong၊ No Limits FC နှင့် New Taipei City Hang Yuan FC တို့ကို အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် Group Stage သို့ တက်ရောက်လာခြင်းဖြစ်သည်။
