မော်ရိုကိုက ဘယ်လ်ဂျီယံအားအနိုင်ရပြီးနောက် ပရိသတ်များအဓိကရုဏ်းဖြစ်ပွားခဲ့

0
194

ဘရပ်ဆဲလ်၊နိုဝင်ဘာ ၂၈

ကမ္ဘာ့ဖလား မော်ရိုကို – ဘယ်လ်ဂျီယံပွဲစဉ်တွင် မော်ရိုကိုကဘယ်လ်ဂျီယံအား နှစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီးနောက် ဘရပ်ဆဲလ်၌ အဓိကရုဏ်းဖြစ်ပွားခဲ့သဖြင့် ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့်ရေအမြှောက်များအသုံးပြုကာ ဖြိုခွင်းခဲ့ရကြောင်းသိရှိရသည်။

ဒါဇင်နှင့်ချီသောပရိသတ်များသည် ဆိုင်ပြတင်းပေါက်များအားရိုက်ခွဲကာ မီးရှူးမီးပန်းများဖောက်လျက် ဆိုင်များကိုမီးရှို့ခဲ့ကြကြောင်းသိရှိရသည်။

ယခုအထိလူ ၁၁ ဦးအားဖမ်းဆီးထားကြောင်း သိရှိရပြီး ပွဲမပြီးခင်ကတည်းကပင် အချို့သူများသည် လုံခြုံရေးယူထားသည့်ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ရန်ကြိုးပမ်းခဲ့ကြသည်ဟုဘရပ်ဆဲလ် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ပြောကြားချက်အရ အချို့ပရိသတ်များက တုတ်များပါယူဆောင်လာကာ ဂျာနယ်လစ်တစ်ဦးလည်း မျက်နှာ၌ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရသည်။

ယင်းဖြစ်စဉ်ကြောင့် အဆိုပါဧရိယာတစ်ဝိုက်အားလမ်းများပိတ်ချလိုက်ပြီး အများပြည်သူများရှောင်ရှားသွားလာကြရန် သတိပေးခဲ့ရသည်ဟုဆိုသည်။

ဘရပ်ဆဲလ်အရှေ့ပိုင်းရှိ Liege မြို့တွင်လည်း လူအယောက်ငါးဆယ်ခန့်က ရဲစခန်းကိုဝိုင်းကာ ပြတင်းပေါက်များရိုက်ခွဲပြီး ရဲကားနှစ်စီးအားဖျက်စီးခဲ့ကြောင်းသိရှိရသည်။ထို့ကြောင့်ရဲတပ်ဖွဲ့က ရေအမြှောက်များဖြင့် လူစုခွဲခဲ့ရသည်ဟုဆိုသည်။

စတိုးဆိုင်များနှင့် ဘတ်စ်ကားများလည်း ဖျက်ဆီးခံခဲ့ရပြီး မြောက်ဘက်ရှိ Antwerp တွင်လည်း လူတစ်ဒါဇင်အဖမ်းခံရသည့် အဖြစ်အပျက်များလည်းဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။

ယင်းသို့ဖြစ်ပွားနေချိန်တွင် အနိုင်ရရှိသွားသူမော်ရိုကိုအသင်း၏ပရိသတ်များကလည်း မီးရှူးမီးပန်းဖောက်ကာ မော်ရိုကိုအလံအားဝှေ့ယမ်းလျက် အောင်ပွဲခံနေခဲ့ကြကြောင်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here