အီရန်၏ဒရုန်းလေးစင်းအား ပစ်ချခဲ့ဟုယူကရိန်းဆို
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များအသုံးပြုသည့် အီရန်လုပ် “ကာမီကာဇီ” ဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းသမ္မတက စက်တင်ဘာ ၂၃ ရက် ကြာသပတေးနေ့ကပြောကြားခဲ့ပြီး တေရန်သည်ယူကရိန်းနိုင်ငံသားများကို ထိခိုက်နစ်နာစေသည်ဟုဆိုခဲ့သည်။
ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ စစ်ဘက်အာဏာပိုင်များက Shahed – 136 မောင်းသူမဲ့လေယာဉ်များကို အိုဒက်ဆာဆိပ်ကမ်းအနီးပင်လယ်ပြင်တွင် ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယူကရိန်းနှင့်အမေရိကတို့က အီရန်သည် ရုရှားသို့ ဒရုန်းများ ထောက်ပံ့ပေးနေသည်ဟုစွပ်စွဲထားသော်လည်း အီရန်ကမူ အဆိုပါအချက်ကိုငြင်းဆိုထားသည်။သမ္မတဇလန်းစကီးသည် အီရန်စစ်လက်နက်ပစ္စည်းများအသုံးပြုမှုနှင့်ပတ်သက်၍ တုံ့ပြန်ရန် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Serhii Nykyforov ကပြောကြားခဲ့သည်။
“အီရန်ရဲ့ဒီလိုလုပ်ရပ်တွေဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို ဆန့်ကျင်ပြီး ယူကရိန်းနိုင်ငံသားတွေရဲ့ အသက်အိုးအိမ် နဲ့ ကောင်ကျိုးချမ်းသာ ကို ဆန့်ကျင်တဲ့ ခြေလှမ်းတွေအဖြစ် ယူဆလို့ရပါတယ်” ဟု ၎င်း၏ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဒရုန်းများသည် ရုရှားအတွက် ထောက်လှမ်းရေးအတွက်ရော ပစ်မှတ်ရှာဖွေချိန်ရွယ် ဗုံးဖောက်ခွဲရေးအတွက်ပါ အချိန်ကုန်သက်သာစေပြီး အသုံးဝင်သည့်အရာများဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများကပြောသည်။
Source -Reuters