အမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ
အမေရိကန်ပြည်ထောင်စု၌ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ဗုဒ္ဓဟူးနေ့အထိ အမေရိကန်၏မျောက်ကျောက်ဖြစ်ပွားမှုသည် စုစုပေါင်းအရေအတွက် ၆,၆၀၀ ရှိပြီဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ နောက်တစ်ဆင့်တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီး အမေရိကန်နိုင်ငံသားတိုင်းကိုလည်း မျောက်ကျောက်ရောဂါကို ပေါ့ပျက်ပျက်မလုပ်ဖို့ တိုက်တွန်းလိုပါတယ်” ဟုကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုဝန်ကြီး Xavier Becerra ကပြောကြားခဲ့သည်။
ယခုကြေငြာချက်သည် ရောဂါကိုတုံ့ပြန်ရန်လိုအပ်သော ကူးစက်မှုအချက်အလက်များကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများညွှန်ကြားရေးမှူး Rochelle Walensky ကပြောခဲ့သည်။အမေရိကန်အစိုးရအနေဖြင့်လည်း ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဖိအားပေးခံနေရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို “နိုင်ငံတကာဆိုင်ရာအရေးပေါ်အခြေအနေ” ဟု ကြေညာထားပြီး ထိုကြေငြာချက်သည်အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်သည်။
ပြီးခဲ့သည့်လက WHO ၏ကြေငြာချက်သည် နိုင်ငံတကာ၌ပေါင်းစပ်ညှိနှိုင်းတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကာကွယ်ဆေးနှင့်ကုသရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေနည်းလမ်းရရှိဖို့လည်းကြိုးပမ်းခဲ့ကြသည်။
သက်ဆိုင်ရာနိုင်ငံများမှ အစိုးရများသည်လည်း ကျောက်ရောဂါအတွက် အသုံးပြုသည့် ကာကွယ်ဆေးများနှင့်ကုသမှုများကိုမျောက်ကျောက်အတွက်ပါ အသုံးဝင်သည်ဟုယူဆသဖြင့် အဆိုပါကျောက်ရောဂါကာကွယ်ဆေးများကို မျောက်ကျောက်ကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းမျိုးလုပ်ဆောင်လျက်ရှိကြသည်။အမေရိကန်အစိုးရသည်လည်း ကူးစက်နိုင်မှုအန္တရာယ်အများဆုံးရှိသည့် လူ ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေးထိုးရန် ရည်ရွယ်ထားကြောင်း Walensky ကပြောကြားခဲ့သည်။
ကလီဖိုးနီးယား၊ အီလီနွားနှင့် နူးယော့ခ်တို့၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မျောက်ကျောက်ရောဂါအပေါ် တုံ့ပြန်မှုကို ညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုအရာရှိနှစ်ဦးကိုလည်းတာဝန်ပေးခဲ့သည်။
ယခုရောဂါကို ၁၉၅၈ ခုနှစ်၌ မျောက်များတွင်စတင်တွေ့ရှိခဲ့ပြီး လူများသို့ကူးစက်ရာတွင်လည်း ဖျားခြင်း၊ကိုက်ခဲခြင်း နှင့် အရေပြားအနာများဖြစ်ခြင်းစသည့် အပျော့စားလက္ခဏာများသာရှိခဲ့ကာ နှစ်ပတ်မှလေးပတ်အတွင်း ပြန်လည်သက်သာလာလေ့ရှိသည်ဟု WHO ကဆိုသည်။၎င်းသည်ကိုယ်ချင်း အနီးကပ်ထိတွေ့မှုမှတစ်ဆင့်ပျံ့နှံ့သွားပြီး အသက်ဆုံးရှုံးနိုင် ခြေလည်းနည်းသည်ဟုဆိုသည်။
Source – Reuters