မြဝတီမြို့ အမှတ် ၄ ရပ်ကွက်အနီးတိုက်ပွဲဖြစ် ပွား၍ ရပ်ကွက်နေသူအများအပြားစစ်ဘေးတိမ်း ရှောင်နေရ

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်အ နီး၌ ဧပြီ ၂၉ ရက်နံနက် ၁၀ နာရီခွဲခန့်မှစ၍ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNLA အဖွဲ့တို့ကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှသိရသည်။
တိုက်ပွဲဖြစ်ပွားမှုတွင် လက်နက်ကြီးပစ်ခတ်မှုများနှင့်သေနတ်ပစ်ခတ်မှုများရှိနေသဖြင့် အမှတ် ၄ ရပ်ကွက်၌နေထိုင်သူအချို့မှာ ပစ်ခတ်မှုများနှင့်လွတ်ကင်းသည့် ဘုန်းတော်ကြီးကျောင်းများသို့ပြောင်းရွှေ့ရောက်ရှိလာကြကြောင်း သိရသည်။
“တိုက်ပွဲက လက်နက်ကြီးတွေ သေနတ်တွေနဲ့ပစ်နေကြတော့ ထိမှာကိုကြောက်လို့ပြေးလာကြတာ လူဦးရေတော်တော်များတယ် လက်နက်ကြီးစပစ်တဲ့အချိန်ထဲက တဖွဲဖွဲရောက်လာကြတာပဲ လိုအပ်တဲ့ကူညီတာတွေတော့လုပ်ပေးနေကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်လာကြသူများသည် မြဝတီမြို့တွင်းရှိ ဟေမန်ဦးဘုန်းတော်ကြီးကျောင်း၊ကြက်ခတ်တောဘုန်းတော်ကြီးကျောင်း၊အနန္တသုခဘုန်းတော်ကြီးကျောင်းများနှင့်အခြားဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိခိုလှုံလျက်ရှိကြောင်း သိရသည်။
လက်နက်ကြီးပစ်ခတ်မှုများတွင် နံနက်ပိုင်း၌ အ ချိန်အနည်းငယ်ကွာဟ၍ပစ်ခတ်မှုများရှိခဲ့ပြီး မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် မိနစ်ပိုင်းသာခြား၍ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
“ညဘက်ကြတော့လည်း ပစ်ခတ်တာတွေရှိတယ် ၄ ရပ်ကွက်ကတစ်ချို့လူငယ်တွေကတော့ အခြေ အနေစောင့်ကြည့်တဲ့သဘောမျိုးနဲ့ရှိနေသေးတယ် ကျန်တဲ့အဘိုးအဘွားတွေနဲ့ကလေးတွေကတော့ လွတ်ကင်းတဲ့နေရာတွေမှာရောက်နေပြီ”ဟုဒေသ ခံတစ်ဦးကပြောသည်။
စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်လာသည့် အမှတ် ၄ ရပ်ကွက်နေသူများအား ဧပြီ ၃၀ ရက် (ယနေ့)နံနက်ပိုင်းတွင်လည်း အလှူရှင်များမှ အ ခြေခံစားသောက်ကုန်များနှင့်သောက်ရေသန့်များအား လာရောက်လှူဒန်းပေးခဲ့ကြကြောင်း သိရသည်။
