Electronic Dance Music (EDM) တွေ ကမ္ဘာမှာခေတ်စားလာသလို Festival တွေ ကြီးကျယ်ခမ်းနားစွာကျင်းပလာတဲ့ ရေစီးကြောင်းက မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာပါပြီ။ အရင်တုန်းက DJ ဆိုတာ Club တွေ၊ Bar တွေ၊ Party တွေလောက်မှာသာ လှုပ်ရှားနေကြရပေမယ့် အခုခေတ်မှာတော့ EDM Festivalတွေကို ကိုယ့်နိုင်ငံနဲ့ကိုယ် ကျင်းပ နိုင်လာတာနဲ့အမျှ မြန်မာ DJ တွေရဲ့ အလားအလာကလည်း ကောင်းမွန်တဲ့ရလဒ်တွေဆီ ဦးတည်လို့နေပါတယ်။ ပြောရမယ်ဆို ရင်တော့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ Professional ကျကျဖျော်ဖြေနိုင်တဲ့ DJ သမားတစ်ယောက် ဖြစ်ဖို့ဆိုတာဟာလည်း Music Theory တွေကို နှံ့နှံ့စပ်စပ်လေ့လာထားဖို့ လိုအပ်လှပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး မိန်းကလေး DJ တွေထဲကတစ်ယောက်ဖြစ်တဲ့ DJ ပိုးအိဖြူစင်နဲ့ DJ သမားတစ်ယောက်အဖြစ် သူမဖြတ်သန်းနေတဲ့ Life ကို ပေါ်ပြူလာရဲ့ DJ အထူးပြုကဏ္ဍကနေ မေးမြန်းရိုက်ကူး တင်ဆက်လိုက်ပါတယ်။
DJ ဘဝအစ
ညီမအခုလုပ်တာဆိုရင် တစ်နှစ်ကျော်ပြီ ပေါ့နော်။ ညီမသင်ခဲ့တာက DJ KC ပါ။ သြစတြေးလျက ဆရာကဒီကိုလာပြီးတော့ သင်တန်းလာဖွင့်တဲ့ ပထမဦးဆုံး ဖွင့်တဲ့ သင်တန်းမှာတက်ဖြစ်တယ်။ ဘယ်လိုအဆက်အသွယ်ရသွားလဲဆိုတော့ ညီမက တီချယ်တင်မိုးလွင်ရဲ့တပည့်ပါ။ Talents and Models မှာ မော်ဒယ်လည်းလုပ်တယ်။ ဆရာက ဆရာမနဲ့လည်း သူငယ်ချင်းဆိုတော့ တက်ဖြစ်သွားတယ်။ အခုချိန်ထိဆို တစ်နှစ်ကျော်ခဲ့ပြီပေါ့။ ညီမက DJလုပ်ချင်တာကတော့ ကြာခဲ့ပြီပေါ့။ သင်္ကြန်ဆိုလို့ရှိရင် ထိုင်းက DJ တွေလာတီးတယ်။ အဲဒီကတည်းက စိတ်ဝင်စားတယ်။ ဒီမှာကလည်း မိန်းကလေး DJ တွေ သိပ်မရှိဘူးလေ။ စမ်းလုပ်မယ်ဆိုပြီးတော့ စိတ်ကူးတော့ရှိတယ်။ ဒါပေမဲ့ အကောင်အထည်မဖော်ဖြစ်ဘူး။ အခုမှအကောင်အထည်ဖော်ဖြစ်တာပေါ့နော်။ အခုဆို EDM တွေ ခေတ်စားလာတယ်။ လူငယ်တွေ အကုန်လုံးကလည်း Festival တွေကိုကြိုက်လာကြတယ်။ ညီမတို့ မြန်မာနိုင်ငံမှာ EDM Music ပိုပြီးတော့လွှမ်းမိုးလာတယ်ဆိုတော့ ညီမတို့အတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးရလာတာပေါ့။
အခက်အခဲတွေများစွာရှိခဲ့တယ်
ညီမက Model ပိုင်းကပြောင်းတယ်ဆိုတော့ မသိတာတွေက အများကြီးပါပဲ။ ဒါပေမဲ့ သီချင်းနားထောင်ရရင်ပျော်နေတာဆိုတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်ကြည့်မယ်ဆိုပြီးတော့လုပ်တယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲကတော့ရှိတာပေါ့။ အဓိကက Mixing ပိုင်းနဲ့ပတ်သက်ရင် Pratice အများကြီးလုပ်ရတယ်။ အိမ်မှာက စက်ဝယ်ထားတာ မရှိတော့ သူငယ်ချင်းဆီမှာသွားလုပ်ရတယ်။ ဒီအလုပ်က လေ့ကျင့်မှုများမှအဆင်ပြေတာဆို တော့လေ။ DJ စက်တစ်လုံးကလည်း အခုဆို ဒေါ်လာဈေးတက်နေတာဆိုတော့ မြန်မာငွေနဲ့ဆိုရင် သိန်း ၆ဝ နီးပါးရှိပါတယ်။ အလုပ်အနေနဲ့ဆိုရင် ညီမက Club Residence DJ အနေနဲ့ BME မှာ ၂ လလောက်လုပ်ခဲ့တယ်။ အခု နောက်ပိုင်းတော့ Party တွေ အများစုမှာတီးဖြစ်တယ်။ မိန်းကလေးဆိုတော့ ဘာပဲဖြစ်ဖြစ် Night Life သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထိန်းရတာတွေရှိတယ်။ မြန်မာမိန်း ကလေးဖြစ်နေတဲ့အတွက် နိုင်ငံခြားနဲ့တော့မတူဘူး။ အများကြီး စဉ်းစားရပါတယ်။
မိန်းကလေး DJ တစ်ယောက်ရဲ့ ရည်မှန်းချက်
အခုနောက်ပိုင်းဆိုရင်တော့ မိန်းကလေး DJ တွေ တအားများလာတယ်။ ညီမရဲ့ရှေ့မှာလည်း စီနီယာတွေရှိတယ်။ အဓိကကတော့ အလုပ်တစ်ခုလုပ်ပြီဆိုရင် သေသေချာချာ လေးလုပ်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေး DJ တွေများလာတာ ကောင်းပါတယ်။ ညီမကတော့ Festival အထိသွားနိုင်တဲ့ DJ တစ် ယောက်ဖြစ်အောင် လုပ်ချင်တယ်။ ကိုယ်ကိုယ်တိုင် ဖွင့်နိုင်တဲ့အထိ သွားနိုင်အောင် မှန်းထားပါတယ်။
အကြိုက်ဆုံး DJ Artist တွေ
ညီမအားကျတဲ့ DJ တွေဆိုရင် ယောက်ျားလေးထဲမှာဆို Yellow Claw ကြိုက်တယ်။ Hardwell ကြိုက်တယ်။ Andrew Rayel ကြိုက်တယ်။ မိန်းကလေးထဲမှာဆိုရင်တော့ Juicy M ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် EDM ခေတ်စားလာတာနဲ့အမျှ၊ Festival တွေ လွှမ်းမိုးလာတာနဲ့အမျှ ညီမတို့အတွက်လည်း အခွင့်အလမ်းတွေ အများကြီးပေါ်လာတယ်။ ဒီ EDM မြူးဇစ်ကို ဒီ့ထက်ပိုပြီးတွင်တွင်ကျယ်ကျယ်ဖြစ်လာဖို့ မျှော်လင့်တယ်။ အခုတောင်မှ အနည်းအကျဉ်းကစလို့ အကုန်လုံး လက်ခံလာကြပြီဆိုတော့ နောင်မှာ အများကြီးတိုးတက်လာတော့မယ်။ ညီမတို့ မြန်မာ လူငယ်တွေကလည်း အခွင့်အလမ်းတွေ အများကြီးကို ဖမ်းဆုပ်ပြီးတိုးတက်အောင်လုပ်ကြမယ်လို့မြင်တယ်။ အဲဒီတော့ ပရိသတ်အား ပေးမှုလည်း အများကြီးလိုအပ်ပါတယ်။
မျိုးမောင်
ဓာတ်ပုံ – အောင်ဇော်မင်း