ရင်တွင်းမြစ်..

0
335

အနုပညာကို အလျင်ခုတ်မောင်းချင်ခဲ့တာပါ
ဝမ်းတစ်ထွာက လက်လှမ်းလှမ်းပြနေတော့
င့ါကဗျာတွေ လေးတိလေးကန်။

မိသားစုမှာ
အသွားမတော်တဲ့ ခြေလှမ်းဟာငါပဲ
ငါဟာ မတွင်တဲ့ခရီးရဲ့ ပြယုဂ်။

မိုးမမြင် လေမမြင် အနုပညာတစ်ဖက်နဲ့
မိသားစု ထမင်းအိုးကိုတောင်
မမြင်တဲ့မျက်စိ
ကြယ်တွေကို လှမ်းလှမ်းငေးနေမိတာ
ခက်ပ။

အိပ်မက်တွေဟာ
ရေစီးကမ်းပြိုပဲလား
ညနေခင်းတွေကို
ဖုန်ခါပေးနေရတာ ကြာပေါ့။

ခိုက်ခိုက်တုန်အောင် ဖျားနေရှာတဲ့
ချစ်သောကမ္ဘာမြေရယ်
ငါတို့ရဲ့ လွယ်အိတ်ထဲ
ချစ်ခြင်းတွေ မိုးလုံးပြည့်။

မာယာကော့စကီးအစ
မောင်ချောနွယ်အဆုံး
သမိုင်းရဲ့ သုခ ဒုက္ခတွေကို
ငါတို့လိုပဲ
ဖန်ခွက်ချင်း တိုက်ရင်း
အာသာဖြေခဲ့ကြ။

ငါတို့ဟာ
လဲတယ် ပြန်ထတယ်
ပြန်လဲတယ် ပြန်ထတယ်
ကဗျာဆိုတာဟာလည်း
ဇီဝဇီုးငှက်တွေရဲ့ အန်ဖတ်
ငါတို့ရဲ့ အားဆေးပဲ။

ဘာပဲဖြစ်ဖြစ်လေ
တစ်ကိုယ်ရေ တစ်ကိုယ်စာ
ဟေ့ ကဗျာ
ငါ့ကိုထူပါ။

မင်းဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here