ကြေးစား

0
258

bayd

Professional ဆိုတာ။ ဘာသာပြန်က ကြေးစားတဲ့။ ကြေးစားဆိုတာကို အလုပ်လုပ်ပေးပြီး တန်ရာတန်ကြေးယူတဲ့ လူလို့ သာမန်အားဖြင့် နားလည်ကြတယ်။တချို့ နားလည်တာက အမြင့်စား၊ တန်ဖိုးကြီးတယ်၊ ဈေးကြီးတယ်လို့ ပြောကြတယ်။ တကယ်တော့ ကြေးစားဆိုတဲ့ စကားလုံးအသံကို နားထောင်ကြည့်ရတာ အဆင်မပြေဘူး။ နည်းနည်းလေးရင့်သီးနေသလားလို့။ မချောမွေ့ဘူး။ ဒါဆို အဆင်ပြေအောင် ကျွန် တော်တို့ဘယ်လိုခေါ်မလဲ။ နားဝင်ချို အောင် အသံကိုဘယ်လိုပြင်မလဲ။ အဓိပ္ပာယ်ဆိုလိုရင်းကို ပြောကြည့်မယ်။ Professional ဆိုသည်မှာ မိမိကျွမ်းကျင်သော အသိပညာ၊ အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရာ၌ နှံ့စပ်သေချာတိကျ သော၊ ထူးချွန်ထက်မြက်သူကို ဆိုလိုတာပါ။ တစ်နည်းအားဖြင့် အများက မျှော်လင့်ထားတာထက်၊ ပိုပြီးလုပ်ပြနိုင်တာကို ဆိုလိုတာပါ။

အဲ့ဒီ Professional ဖြစ်ဖို့ ဘယ်ကစလဲ၊ အတတ်ပညာကို သင်ယူရာမှာ သုညကစပါတယ်။

(၁) Un Skill သူဘာမှ သိမထားဘူး။ ဘာမှ မတတ်သေးဘူး။
(၂) Skill သူတတ်လာပြီ၊ သိလာပြီ၊ စွမ်းရည်မြင့်တက်လာပြီ။
(၃) Skill Power အတတ်ပညာဆိုင်ရာ နည်းပညာဆိုင်ရာတွေမှာ၊ ထူးချွန်ထက်မြက်လာပြီး၊ အလုပ်ဖြင့်သက်သေပြရာမှာ အကြီးမားဆုံးအောင်မြင်မှုရလာပြီး နောက်ဆုံး Expert ဖြစ်သွားတာပါ။
(၄) Professional နောက်ဆုံးအဆင့်ကတော့ အနုပညာသုခုမ ကြေးအမြင့်ဆုံးရပြီး အနုပညာပြောင်မြောက်မှုကြီးကြီးမားမားလုပ်ပြနိုင်သူပါ။အဲဒီလိုဖြစ်ဖို့ အဆင့်(၄)ဆင့်ကို ဖြတ်သန်းရတယ်။ အဲ့ဒီဖြတ်သန်းမှုဟာ အလွန်ခက်ခဲပါတယ်။ အများကြီးပေးဆပ်ရတယ်။Continuous and Professional Development ။ ပရော်ဖက်ရှင်နယ်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ အမြဲတမ်းကြိုးစားပြီး၊ အမြဲတမ်းအောင်မြင်နေရမယ်။ဥပမာ Mr.GURU ကို ကြည့်ပါ။ သူက Professional စစ်စစ်ပါ။ မိတ်ကပ်အထူးပြုလုပ်ချက်တွေမှာ တအားတော်တဲ့ ပညာရှင်ပါ။ သူ့ရဲ့အနုပညာကြေးက တအားမြင့်တယ်။

Apple Steve Jobs
Microsoft Bill Gates
Facebook.Mark Zuckerberg

ဒါက ပါရမီရှင်တွေ၊ သူတို့က ပါရမီဥာဏ်ပညာကို လုယူတာမဟုတ်ဘူး။ လုယူလို့လည်း မရဘူး။ သူတို့ ကြိုးစားဖန်တီးတီထွင်လာတာ။ အဲ့ဒီထဲမှာ Geniusပါလာသေးတယ်။ ဘုရားပေးတဲ့ဥညဏ်ပေါ့။ အဲ့ဒါက Steve Jobs ။ သူကပိုပြီးဥာဏ်ထက် မြက်နေတယ်။ သူများတွေထက် ရှေ့ကိုရောက်နေတတ်တယ်။Professional တွေမှာ ခံယူချက်ရှိတယ်။ ဖြစ်နိုင်ခြေနည်းတာကို ဖြစ်နိုင်ခြေများလာအောင် လုပ်ပြမယ်ဆိုတာပဲ။ အခက်အခဲကို မကြောက်ပါနဲ့။ ရင်းနှီးစွာ ပွေ့ဖက်လိုက်ပါ။ ဒါတွေကြောင့် သူတို့ Professional ဖြစ်နေတာပါ။ ပြီးတော့ သူတို့မှာ အမြဲစိန်ခေါ်မှုတွေရှိနေတယ်။ သူတို့အလုပ်ကို အမှားမခံဘူးဆိုတာပဲ။ ယှဉ်ပြိုင်မှုတွေက အမြဲရှိနေတယ်။

Professional တွေမှာ အချိန်ဟာ ငွေကြေးပါပဲ။ အဲဒီလိုဖြစ်အောင်လည်း အချိန်နဲ့အမျှ ကြိုးစားနေရတယ်။ သူတို့မှာ အချိန်ကမပိုဘူး။ လိုတောင်လိုနေသေးတယ်။ သူတို့နဲ့ ဆွေးနွေးရင်တောင်၊ အချိန် နာရီယူသလောက်၊ တစ်နာရီဘယ်လောက်ဆိုတဲ့ကြေးကို ပေးရတယ်။ ဒါ့ကြောင့်လည်း ကြေးစားလို့ ခေါ်တာဖြစ်မှာပါ။ ပြီးတော့ သူတို့ကိုယ်သူတို့ အလုပ်ပေါ်မှာရော၊ ယုံကြည်စိတ်ချမှုအမြဲရှိတယ်။ အလုပ်လက်ခံပြီဆိုကတည်းက ဖြစ်မယ်ဆိုတာကို ယုံကြည်ပြီးလက်ခံတာ၊ သူတို့ကိုယ်သူတို့ လုံးဝအစွန်း အထင်းမခံဘူး။

သူတို့မှာလည်း Ethic Professional ကျင့်ဝတ်တွေရှိတယ်။ အဲ့ဒါတွေကို ထိန်းသိမ်းရတယ်။ အလုပ်လက်ခံပြီဆိုကတည်းက စာချုပ်ချုပ်ကြပြီ။ အလုပ်ပြီးမယ့်၊ အပ်နိုင်မယ့်နေ့ရက်အချိန်ကာလကို ဂရုစိုက်ရတယ်။ နောက်တစ်ချက်က Professional တွေမှာ ထောင်ချောက်ရှိတယ်။ တော်ပြီ၊ တတ်ပြီဆိုပြီး ကိုယ့်ရဲ့ သင်ယူလေ့လာကြိုးစားအားထုတ်မှုကို ရပ်လိုက်တဲ့နေ့ပါ။ အဲဒီထောင်ချောက်ကို တအားကြောက်ကြတယ်။ ရှောင်ကြတယ်။ သေကာမှ ပြီးမယ်ဆိုတဲ့ စိတ်ပဲ ရှိကြတယ်။ ဆရာကြီးဦးသုခပြောဖူးတယ်။ မင်းကိုယ်မင်း ငါတော်တယ်၊ ငါတတ် ပြီလို့ ပြောရမယ့်နေ့ တစ်နေ့တော့ ရှိတယ်။ အဲဒါ သေတဲ့နေ့၊ သေသွားမှ ပြောပါတဲ့။ နေရာနယ်ပယ်အသီးသီးမှာ Professional တွေရှိမှာပါ။ ရုပ်ရှင်မှာလည်း Professional တွေအများကြီးပဲ။ တခြားကမ္ဘာ့နိုင်ငံတွေမှာ၊ ဇာတ် ကားတစ်ကားမှာ ပါဝင်မယ့် ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီတဲ့ သရုပ်ဆောင်ရွေးချယ်ရေးကုမ္ပဏီဆိုပြီးရှိလာပြီ။ အဲ့ဒီကုမ္ပဏီကို ဇာတ်ညွှန်းအပ်လိုက်တာနဲ့ မျက်နှာလိုက်စရာမရှိဘဲ၊ ဇာတ်ကောင်စရိုက်နဲ့ အံဝင်တဲ့ သရုပ်ဆောင်ကို ရွေးချယ်ပေးတဲ့ကုမ္ပဏီဟာလည်း Professional ပါပဲ။

နောက်တစ်မျိုးက ဇာတ်ကားတစ်ကားလုံးရဲ့ အရေးကြီးတဲ့ (TRAILER) နမူနာကို ထုတ်ပေးတဲ့ ကုမ္ပဏီလည်းရှိနေပြီ။ ဒါရိုက်တာ မထုတ်တော့ဘူး။ သူတို့ကို အပ်လိုက်ရင် နမူနာကောင်းတွေ ထွက်လာတယ်။ အဲ့ဒါက ပညာရပ်တစ်မျိုးပေါ့။ ပေးရတဲ့ကြေးလည်း မြင့်တယ်။ သူတို့ကိုလည်း Professional လို့ခေါ်တယ်။တကယ်တော့ အတွေ့အကြုံက အရေးကြီးပါတယ်။ လူငယ်အတော်များများဟာ အိုင်တီမျိုးဆက်တွေ ဖြစ်ပြီး အောင်မြင်မှုကို အမြန်လိုချင်တယ်။ ဒါပေမဲ့ ဂူဂဲလ်ကနေ အတွေ့အကြုံကို ရှာမရဘူးဆိုတာကို သိဖို့ပါပဲ။ Professional တွေဟာ အတွေးအခေါ်တွေကို ခေတ်နဲ့အညီ Up to Date ဖြစ်အောင် ကြိုးစား နေကြတယ်။ ကျွန်တော်တို့ဆီမှာလည်း နယ်ပယ်အသီးသီးမှာ Professional တွေရှိလာဖို့ပဲ အရေးကြီးပါတယ်။ Professional စိတ်ဓာတ်နဲ့ အလုပ် လုပ်ကြပါစို့။ အဲ့ဒီစိတ်ဟာ အလွန်တန်ဖိုးကြီးပါတယ်။

ဒါရိုက်တာမောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here