
လောကဓံရဲ့ ပွတ်ရှမှုဒဏ်တွေကြား
ခါးခါး မခါးခါး/ဒီအိမ်လေးက
အရမ်း ချိုမြိန်တယ်။
ပူလောင်မှုတွေရဲ့ လောင်စာတွေကြား
ပူပူ မပူပူ /ဒီအိမ်လေးက
အမြဲ အေးချမ်းတယ်။
လူသားတွေရဲ့ ဝစီအကျင့်တွေကြား
သင့်သင့် မသင့်သင့်/ ဒီအိမ်လေးက
ထာဝရ တင့်တယ်တယ်။
လောကီဒေသရဲ့ ရောထွေးမှုတွေကြား
ရှုပ်ရှုပ် မရှုပ်ရှုပ်/ဒီအိမ်လေးက
အမြဲ သန့်ရှင်းတယ်။
ဒီအိမ်လေး
ဗြဟ္မစိုရ်တရားတွေနဲ့ အုပ်မိုးလို့
‘အဖေ’ဆိုတဲ့ လူကြီး
တည်ဆောက်ခဲ့တယ်။
ဒီအိမ်လေး
အေးချမ်းမှုတွေနဲ့ ဖြန့်ခင်းလို့
‘အဖေ’ဆိုတဲ့ လူကြီး
တည်ဆောက်ခဲ့တယ်။
ဒီအိမ်လေး
နွေးထွေးမှုတွေနဲ့ ကာရံလို့
‘အဖေ’ဆိုတဲ့ လူကြီး
တည်ဆောက်ခဲ့တယ်။
ဒီအိမ်လေး
ဘေးမသီ ရန်မခ
ထာဝရ ငြိမ်းချမ်းရေး ရနေခဲ့တယ်
ထာဝရ ငြိမ်းချမ်းရေး ပေးနေလိမ့်မယ်။
ဘုန်းမောင်သွေး-ကျွန်းလှမြေ
