
ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးကို ပန်းချီဆရာမလေးတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ ပန်းချီဆွဲခြင်းကို ငယ်စဉ်ကတည်းကဝါသနာပါပြီး ၂ဝဝ၇ခုနှစ်လောက်ကစကာ ပန်းချီတွေကို တောက် လျှောက်ရေးဆွဲဖြစ်လာတဲ့ ပန်းချီဆရာမလေးအေးသင်ဇာလှိုင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ပထမဦးဆုံးစရေးဆွဲဖြစ်တဲ့ ပုံတူပန်းချီကားကတော့ သူလေးစားအားကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နေတိုးရဲ့ပုံတူကို စတင်ရေးဆွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ မိဘမေတ္တာကိုဖော်ကျုးတဲ့ပုံတွေကိုရေးဆွဲဖြစ်ခဲ့ပါတယ်။နေတိုးရဲ့ပုံတူတွေကို ရေးဆွဲဖြစ်ခြင်းအကြောင်းကိုတော့ . . .
”ကိုနေတိုးကကျတော့ အနုပညာကိုတအားလေးစားတယ်လေ။ အဲဒါကြောင့် မို့ သူ့ပုံလေးတွေရေးဖြစ်တယ်။ ပြီးတော့သူကအနုပညာကို တန်ဖိုးထားတယ် ဆိုတာကိုလည်းသိရတယ်။ ပန်းချီဝါသနာပါတာကိုလည်း ဖတ်ရတယ်။ သူရေးတဲ့ ပန်းချီကားတွေကိုလည်းတွေ့ဖူးတယ်။ ကိုယ်လေးစားရတဲ့ ဆရာတွေထဲမှာလည်း သူပါတယ်။ အဲဒါကြောင့်မို့ ကိုယ်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ပုံတူကိုစပြီးတော့ရေးဖြစ်တာပါ။ ကိုနေတိုးပုံတူက ၂ဝဝ၇ ခုနှစ်လောက်ကတည်းက စပြီးတော့ရေးဖြစ်တာပါ။ အဲဒီကတည်းကစပြီးတော့ ရေကြည့်မယ်ဆိုရင်တော့ ပုံတွေတော်တော်များပါပြီ။ ဒါပေမဲ့ အသေအချာကောင်းတဲ့ပုံတွေကတော့ နှစ်ဆယ်ကျော်လောက်တော့ရှိပါပြီ။ ကိုနေတိုးကို လက်ဆောင်ပေး ဖြစ်တာက ၁၂ ကားလောက်တော့ရှိသွားပြီ။ ကိုယ်ပေးလိုက်တဲ့အနုပညာလေးကိုတန်ဖိုးထားပြီးတော့ အသိအမှတ်ပြုပေးတဲ့အတွက် ကိုနေတိုးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်”လို့ မအေးသင်ဇာလှိုင်က ပြောပါတယ်။ နေတိုးရဲ့ပုံတူတွေကိုတော့ အများအားဖြင့်မျက်လုံးပိုင်းကို အဓိကထားရေးဖြစ်ပြီး နောက်ပိုင်းမှာလည်း ထပ်မံရေးဆွဲသွားမှာဖြစ်တယ်လို့ သူကပြောပြပါတယ်။ ဒါ့အပြင် သူလေးစားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကိုလည်း ရေးဆွဲဖြစ်နေပြီး ကြုံကြိုက်တဲ့အခါ လက်ဆောင်လေးပေးချင်မိတယ်လို့ သူ့ဆန္ဒကိုဖွင့်ဟပါတယ်။
”ပန်းချီအနုပညာဆိုတာ တအားကိုနူးညံ့ပျော့ပျောင်းပြီးတော့ စိတ်ရဲ့အေး ချမ်းမှုကိုလည်းရတယ်။ ဝါသနာပါတဲ့လူတွေလည်း လေ့ကျင့်မှုအားများလေလေ အဆင်ပြေနိုင်မှာပါ”လို့ ပန်းချီနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါသေးတယ်။ သူက ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှ ၁၄ရက်နေ့ထိ Moon Art Gallery မှာ ပြုလုပ်ခဲ့ တဲ့ ပန်းချီဝါသနာအိုးများအဖွဲ့ရဲ့ တတိယအကြိမ်မြောက်ပန်းချီပြပွဲမှာလည်း ပါဝင် ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူရဲ့ အနုပညာအိပ်မက်တစ်ခုဖြစ်တဲ့ Solo ပြပွဲကို ပြသနိုင်ဖို့ ကြိုးစားသင်ယူလေ့ကျင့်သွားမှာပါလို့ပြောပြပြီး ခဲခြစ်၊ ရေဆေး၊ အခရိုင်း လစ်တွေကို ကြိုးစားပြီးတော့ ဆက်လက်လေ့ကျင့်သွားဦးမယ်လို့ ပြောပြခဲ့ပါတယ်။
လင်းအက္ခရာ၊
ဓာတ်ပုံ- မင်းမင်းထွန်း
