မြန်မာ့ရိုးရာမုန့်များအား ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ကျင်းပသည့် မြန်မာ့ရိုးရာမုန့်ပွဲတော်

0
142

မြန်မာ့ရိုးရာမုန့်ပွဲတော်များ အနယ်နယ်အရပ်ရပ်ပျံ့နှံ့စေရန်ရည်ရွယ်တဲ့ မြန်မာ့ရိုးရာအစားအစာ(မုန့်ပဲသရေစာ)အခမဲ့ကျွေးမွေးဧည့်ခံသည့်ပွဲတော်ကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ဥယျာဉ်ငယ်ရွာက မာယိန္ဒာရာမတိုင်းရင်းသားမိဘမဲ့ပရဟိတ ဘုန်းတော်ကြီး သင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

”မြန်မာ့ရိုးရာမုန့်ပွဲတော်တွေ အနယ်နယ်အရပ်ရပ်ပျံ့နှံလာစေဖို့လည်း ရည်ရွယ်ပါတယ်၊ နောက်ပြီးတော့ ကျန်းမာသန်စွမ်းပြီးထူးချွန်ထက်မြက်တဲ့ ကလေးတွေပေါ်ပေါက်လာစေဖို့လည်း ရည်ရွယ်ပါတယ်၊ ဒီနှစ်က ပဉ္စမအကြိမ် မြောက်ပါ၊ စကျင်းပခဲ့တာကတော့ ၂ဝဝ၂ ခုနှစ်ကတည်းကပါ။ ကြားထဲမှာ အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်တာတွေလည်းရှိပါတယ်၊ ဒီနှစ်တော့ပဉ္စမအကြိမ် မြောက်အဖြစ်ကျင်းပတာပါ”ဟု ပွဲတော်ကျင်းပနိုင်ရေးကူညီဆောင်ရွက်ပေးသူကိုသန်းထွန်းအောင်က ပြောပြသည်။

သည်နေ့ကျင်းပသည့် ပဉ္စမအကြိမ်မြောက်ပွဲတော်တွင် ကျပန်းစကားပြော ပြိုင်ပွဲ၊ ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲနှင့် ကလေးငယ်များ၏ သီဆိုဖျော်ဖြေမှု အစီအစဉ်တွေလည်းပါဝင်ပြီးကျန်းမာရေးစောင့်ရှောက်မှု ကလေးအခွင့်အရေး ဥပဒေရေးရာအသိပညာပေးခြင်းအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

ဒို့ရိုးရာမုန့်ပွဲတော်တွင် ဘိန်းမုန့်၊ ကတိုးဝါကြော်၊ ပြန်ပေါင်းထုပ်၊ ငှက်ပျောပေါင်း၊ မုန့်ဆီကြော်၊ ထန်းသီးမုန့်၊ ခေါပဲပေါင်း၊ ငှက်ပျောသီးပေါင်း၊ မုန့်ပေါင်း၊ ပေါက်စီ ကြော်၊ ကောက်ညှင်းပဲကပ်ကြော်၊ မုန့်လိပ်ပြာ၊ မုန့်လက်ကောက်ကြော်၊ မုန့်ဆမ်း၊ စိန်ဖေကြီး၊ မုန့်စိမ်းပေါင်းစသည့် မြန်မာ့ရိုးရာမုန့် ၄ဝ ကျော်အခမဲ့ ကျွေးမွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here