ပြင်သစ်မင်းသမီး Catherine Deneuve တက်ရောက်မည့် နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော်

0
209
Picture for Features, Sunday Review, Cover. Catherine Deneuve in "A Christmas Tale" (2008) Directed by Arnaud Desplechin. [06APR2014 REVIEW COVER]

Picture for Features, Sunday Review, Cover. Catherine Deneuve in "A Christmas Tale" (2008) Directed by Arnaud Desplechin. [06APR2014 REVIEW COVER]

စတုတ္တအကြိမ်မြောက် ကျင်းပပြုလုပ်မည့် MEMORY နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်အား နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ဂန္တဝင်ရုပ်ရှင်ဇာတ်ကားပေါင်း ၆ဝ ဝန်းကျင်အား ပြသပေးသွားမည်ဖြစ်သည်။ အဆိုပါရုပ်ရှင်ပွဲတော်အား ပြင်သစ်မင်းသမီး Catherine Deneuve ၊ ရုပ်ရှင်သရုပ်ဆောင် ဆွေဇင်ထိုက်၊ ပြင်သစ်ဒါရိုက်တာ Pascale ferran ၊ ရုပ်ရှင်သရုပ်ဆောင် လူမင်း၊ ပြင်သစ်ဒါရိုက်တာMichel Hazanavicius ၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ ထိုင်ဝမ်ဒါရိုက်တာ Hou Hsiao- Hsien ၊ ပြင်သစ် ဒါရိုက်တာ Regis Wargnier ၊ ထိုင်ဝမ်- မြန်မာလူမျိုး ဒါရိုက်တာ Midi Z ၊ ပြင်သစ် Gaumont ရုပ်ရှင်လုပ်ငန်း၏ CEO နှင့် ရုပ်ရှင်ထုတ်လုပ်သူ Nicolas Seydoux ၊ ကမ္ဘောဒီးယား ဒါရိုက်တာ Davy Chou တို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ၁၉၃၄ ခုနှစ်မှ ခေတ်ဟောင်းဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားအား မူရင်းမပျက် မွမ်းမံထိန်းသိမ်းခြင်း မှတ်တိုင်တစ်ခုအဖြစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြသသွားမည်ဖြစ်ပြီး ပြန်လည်ပြသပေးရာတွင်လည်း သောင်းထိုက်နှင့်ဆိုင်းအဖွဲ့မှ Live တွဲဖက်တီးခတ် ဖျော်ဖြေပေးသွား မည်ဖြစ်သည်။

ယခုနှစ်ပွဲတော်၏အထူးအစီအစဉ်အဖြစ် လေဟာပြင် ပိတ်ကားရုပ်ရှင်ပွဲစဉ်ကို မဟာဗန္ဓုလပန်းခြံတွင်လည်း ရုပ်ရှင်ဇာတ်လမ်းတိုများ ပြသပြီးနောက်တွင် ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားကို ပြသပေးသွားမည်ဖြစ်သည်။ ထို့အပြင် MEMORY ရုပ်ရှင်ပွဲတော် ကျင်းပရာနေရာဖြစ်သော ဝဇီရာ ရုပ်ရှင်ရုံတွင် အထူးခင်းကျင်း ဖွင့်လှစ်ပြသတင်ဆက်ပေးသွားမည့် ” ပြင်သစ်ရုပ်ရှင်လုပ်ငန်း Gaumon ၏နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် သက်တမ်းပြည့်အထိမ်းအမှတ်အစီအစဉ်” အား နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ကမ္ဘာလုံးဆိုင်ရာ Gaumon ရုပ်ရှင်လုပ်ငန်း၏ဥက္ကဋ္ဌဖြစ်သူ Nicolas Seydoux ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒါရိုက်တာ Buster Keaton ရိုက်ကူးခဲ့သော Seven Chances အသံတိတ် ရုပ်ရှင်ဇာတ်ကားကြီးအား ဦးကြည်စိုးထွန်းနှင့် Laurel Art Academy တို့အတူ တွဲဖက်စီစဉ်ကာ တစ်ဖန်ပြန်လည်ပြီး Cine- Concert အသွင်ဆန်းသစ်ကာ Live ပုံဖော် တင်ဆက်ပြသသွားမည်ဖြစ်သည်။ ယခုနှစ်တွင် Myanmar Script Fund မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းဆိုင်ရာအတွက် ရွေးချယ်ပံ့ပိုးကူညီ ပေးသွားမည့် ပြိုင်ပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး Myanmar Script Fund ၏ နာယကအဖြစ် ဦးလူမင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here