အကယ်ဒမီ ရွှေစင်ရုပ်တုရဲ့ အဓိပ္ပာယ်

0
266

statueအကယ်ဒမီ ရွှေကိန္နရီ ရွှေစင်ရုပ်ထု ကိုတော့ ၁၉၅၂ ခုနှစ်ကတည်းက ပီအောထွန်းရင် နဲ့ သားများတံဆိပ် လုပ်ငန်းက နေပြီး ပြု လုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက စတင်ပေးအပ်ခဲ့တဲ့ အကယ်ဒမီဟာ စတင်ပေးအပ်စဉ်တုန်း က ယခုလို အကယ်ဒမီရွှေကိန္နရီ ရုပ်ချည်း မဟုတ်သေးပဲ စတင်ဂုဏ်ပြုပေးခဲ့တဲ့ အကယ်ဒမီ ရုပ်ထုများမှာ ပထမဆုံး အကောင်းဆုံး ဇာတ်ကားဆုကို ရွှေကိန္နရီဆု၊ ဒုတိယ အကောင်းဆုံး ဇာတ် ကားဆုကို ငွေဒေါင်းရုပ်၊ တတိယအကောင်းဆုံး ဇာတ်ကားဆုကို ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး အမျိုး သား ပညာသည်ဆု ကို ရွှေရင်ထိုး၊ အကောင်းဆုံး အမျိုးသမီး ပညာသည်ဆုကို ရွှေရင်ထိုး ပေးအပ် ချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်မှာတော့ ဆုပုံသဏ္ဌာန် ကို ရွှေရင်ထိုး တံဆိပ်ကနေ တစ်ပြေးညီဖြစ်အောင် ရွှေကိန္နရီ ရွှေစင်ရုပ်သို့ စတင် ပြောင်းလဲ ချီးမြှင့် ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ရွှေကိန္နရီ ရွှေစင်ရုပ်ထု မှာ ငွေကြယ်ကိုသာ တပ်ဆင်ထား ခဲ့တာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်ရောက်မှ အကယ်ဒမီ ငွေကြယ် အစား အကယ်ဒမီရွှေကြယ် ကို ရွှေသား အစစ် အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကတော့ ရွှေကြယ်ဟာ အပိတ် ပုံစံဖြစ်ပြီး အခုနောက်ပိုင်း ကာလမှာတော့ ရွှေကြယ် အဖွင့် ဖြစ်လာတာ ဖြစ်ပါတယ်။

အကယ်ဒမီဆုရဲ့ တင်စားချက် အဓိပ္ပါယ်က အောက်ခြေမှာ မြင်တွေ့ရတဲ့ ရုပ်ရှင်ဖလင် ကားခွေ ဟာ မြန်မာ့ရုပ်ရှင်လောက ကိုကိုယ် စားပြု တယ်။၊ ရွှေကိန္နရီ ကတော့ မြန်မာ့ရုပ်ရှင် အနုပညာရှင်တွေ ကို ကိုယ်စားပြု တာဖြစ်ပါတယ်။ ရွှေစင်ကြယ် ကတော့ မြင့်မား ထူးချွန်မှု ကိုကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ အကယ်ဒမီ ရွှေကိန္နရီ ရွှေစင်ရုပ်တုဆိုတာက အဓိပ္ပာယ်တွေ အများကြီးနဲ့ ပြည့်စုံနေတဲ့ ရုပ်ရှင်လောကသားတို့  တန်ဖိုးထားရာ ရွှေစင်ရုပ်ထု ဖြစ်ပါတယ်။

အကယ်ဒမီဆုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ” ကြိုးပမ်းထူးချွန်၊ မိုးစွန်တမွတ်၊ကြယ်ကိုဆွတ်ကာ၊ မလွတ် စတမ်း၊ ရမြဲလမ်းတည့်” ဟူ ၍ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် ပညာရှင်များ မိမိတို့အနုပညာ စွမ်းအားဖြင့် ကြိုးစားပါက အမြင့်မားဆုံး ရုပ်ရှင်ထူးချွန်ဆု ကို ရနိုင်သည် ဟု ဖော်ညွှန်း ထားတာ ဖြစ်ပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထုကို အခေါက်ရွှေ အစစ်နဲ့ ရွှေရောင်ပြန် မှုတ်ပေးထားတာ ဖြစ်ပါတယ်။ ရွှေကြယ် ကိုတော့ ရွှေအစစ်ဖြင့် ပြုလုပ် တာဖြစ်ပြီး ရွှေ ၁၆ ပဲရည် အခေါက် ရွှေနှစ် ကျပ်သား တိတိရှိပါတယ်။ အကယ်ဒမီ ရုပ်တု ရဲ့ အမြင့်ပေမှာ ၁၃လက်မ ရှိပြီးအလေးချိန် အားဖြင့် ရွှေကိန္နရီမှာ တစ်ပိ ဿာ၊ အောက်ခံကျွန်းဖရိန် (ဖလင်ခုံပုံစံ)က ပိဿာဝက်ခန့်ရှိပါတယ်။

“အကယ်ဒမီ ရွှေစင်ရုပ်ထု ရဲ့ လက်ရာက တအား အနုစိပ်တယ်ဗျ။ ဦးခေါင်း နဲ့ ခန္တာကိုယ် ပြီးတော့ အထူးသဖြင့် ဆိုရင် အတောင်ပံလုပ် တဲ့နေရာမှာ တအား အသက်ဝင်တယ်။ အော်စကာဆု လက်ရာ နဲ့လည်း တစ်ခြားစီပဲလေ။ အနောက်တိုင်းက အနုစိပ် လက်ရာ နဲ့ ပါတ်သတ် လာရင် ကျွန်တော်တို့ အရှေ့တိုင်းလက်ရာတွေကို ဘယ်လိုမှ ယှဉ်လို့မရဘူး။ ကျွန်တော်တို့ အရှေ့တိုင်းက ပိုအနုစိပ်တယ်။ ကျွန်တော်တို့ မိသားစု အနေနဲ့ကတော့ အနုပညာရှင်တွေရဲ့ ဂုဏ်ယူ၊ တန်ဖိုးထားစရာ ဆု ကို ပြုလုပ်ခွင့်ရခဲ့ကြတဲ့ အတွက် အင်မတန်ကို မှ ပီတိ ဖြစ်ရပါတယ်။ ဒီနှစ်(၂၀၁၆ ခုနှစ်အကယ်ဒမီ အတွက်) မှာတော့ ကျွန်တော်တို့ ဆီကို စုစုပေါင်း အကယ်ဒမီရုပ် ၅ ရုပ်သွန်း လုပ်ပေးဖို့ အပ်ခဲ့တာ ဖြစ်ပါတယ်။” လို့ ပီအောထွန်းရင် ရဲ့သားဖြစ်သူ ဦးကျော်ကျော်အုန်း ကပြောပြပေးခဲ့ပါတယ်။

ထက်လူ

 


LEAVE A REPLY

Please enter your comment!
Please enter your name here