သားနဲ့သမီးကို ဘဝမှာ ရပ်တည်တဲ့အခါမှာ မျက်နှာမငယ်ရတဲ့ ဘဝမျိုးဖြစ်အောင် လုပ်ဆောင်ပေးမယ့် သျှန်ထွန်း (မြန်မာစာ)

0
464

shan tun (myanmar)

အနုပညာအလုပ်တွေကော၊ မြန်မာသံချစ်သူများအဖွဲ့အတွက် လှုပ်ရှားမှုတွေနဲ့ပါ အလုပ်တွေ မအားလပ်အောင်ဖြစ်နေပေမယ့်လည်း သမီးနဲ့သားအတွက် ဖခင်ဝတ္တရားမပြတ် ဖြည့်ဆည်းပေးနေသူကတော့ သျှန်ထွန်း (မြန်မာ စာ)ပဲဖြစ်ပါတယ်။ သားနဲ့ သမီးကသူ့ရဲ့ ဘဝဖြစ်တဲ့အတွက် ဘယ်လောက်အလုပ်တွေ များများ အချိန်ရရင်၊ရသလို သူတို့အနားမှာပဲ နေပေးဖြစ်တယ်လို့ သျှန်ထွန်း (မြန်မာစာ) က ပြောပါတယ်။

” သားနဲ့သမီးရဲ့ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေပါတယ်။ သူတို့ စိတ်ချမ်းသာမှု၊ သူတို့ ပျော်ရွှင်မှုတွေကို ကျွန်တော်ရသ လောက်တော့ ကြိုးစားဖန်တီးပေးနေပါတယ်။ ကိုယ်ရှာတဲ့ပိုက်ဆံမှန်သမျှကလည်း သားနဲ့သမီး အတွက်ပဲ ရည်ရွယ်ပြီး လုပ်နေတာပါပဲ” လို့ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ပြောပြပါတယ်။ သမီးဖြစ်သူ ချောသိင်္ဂါကို က ဒဂုံ(၁)မှာ ၈တန်း တက်ရောက်သင်ကြားနေပြီး၊ သားဖြစ်သူ ထူးခန့်ထွန်းကတော့ ပုဂ္ဂလိကကျောင်းမှာ ၄ တန်း တက်ရောက်သင်ကြားနေပါတယ်။ နှစ်ယောက်စလုံးက အနုပညာကို ဝါသနာပါပြီး သမီးကပိုပြီး ဝါသနာပါတာကို တွေ့ရတယ်လို့ သမီးနဲ့ သားရဲ့ အနုပညာဗီဇကို ပြောပြပါတယ်။

” သမီးကိုတော့ပြောထားတယ်။ သမီးဖြစ်ချင်တာကို ၁ဝ တန်းအောင်လို့ရှိရင်လုပ်လို့ပေါ့။ သူက ဆရာဝန်ဖြစ်အောင်လည်း ကြိုးစားမယ်လို့ ပြောတယ်။ သီချင်းလည်း ဆိုချင်တယ် ဆိုရင်ဆို ပေါ့။ တက္ကသိုလ်ရောက်တဲ့ အချိန်ကျရင် စာ တစ်ဖက်၊ အဆိုတစ်ဖက်လုပ်ပေါ့။ ဆရာဝန်ဖြစ်တဲ့အချိန်ကျရင် အဆိုတော်လည်း ဖြစ်နေပြီ လေ။ အဲဒီလိုမျိုး ဖြစ်အောင်တော့ ရည်ရွယ်ထားတယ်။ သားကိုတော့ Freedoom ပဲ။ တစ်လောက A သုံးခုပါလို့၊ B သုံးခုပါလို့ သား A ရအောင် လုပ်ပါဦးဆိုပြီး သူ့ကို ပြောကြည့်တာ ပြောလိုက်တော့မှ B တွေချည်းပဲ ဖြစ်ကုန်တော့တယ်။ သူ့မှာနေမကောင်းတဲ့ ရောဂါအခံကလည်းရှိနေတော့ သားလေး အောင်ရင်ပဲ ဒယ်ဒီကကျေနပ်ပြီဆိုပြီး ပြောရတယ်။ ကျွန်တော်ကတော့ သားနဲ့ သမီးကို ဘယ်လိုဖြစ်စေချင်တာလဲဆိုရင် ကျွန်တော်ဖြစ်ချင်တာထက် သူတို့ဖြစ်ချင် တာကို ဦးစားပေးချင်တယ်။ သီချင်းဆိုချင်လား။ ဖြစ်အောင်လုပ်ပေးမယ်။ ဆရာဝန် ဖြစ်ချင်လား။ ဆရာဝန်ဖြစ်အောင် ပံ့ပိုး ပေးလိုက်မယ်။ ကိုယ်ကအဖေဆိုပြီးတော့ ငါ့သားကို ဘာဖြစ်စေချင်တယ်၊ ငါ့သမီး ကိုဘာဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒတော့ မရှိဘူး။ သူတို့အသက်အရွယ်ရလာလို့ လူ့ဘဝမှာ ရပ်တည်တဲ့အခါမှာ မျက်နှာ မငယ်ရတဲ့ ဘဝမျိုး၊ သူများနဲ့ တန်းတူနေနိုင် တဲ့ဘဝမျိုးဖြစ်အောင်တော့ စောင့်ရှောက် မယ်။ သူတို့ဘဝလေးတွေကို မြှင့်တင်မယ်ဆို တဲ့ စိတ်မျိုးထားထားတယ်။ ကျွန်တော်က သားသမီးဘဝကို ဖြတ်သန်းလာခဲ့တဲ့ အချိန် မှာလည်း ကိုယ်တိုင်ခံစားချက်တွေရှိခဲ့ဖူးတယ်ဆိုတော့ သူတို့ဆန္ဒပဲဦးစားပေးမှာပါ” လို့ သျှန်ထွန်း(မြန်မာစာ)က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here