NO အဖွဲ့အနေနဲ့ သီချင်း အသစ်တွေ ဆက်လုပ်ဖြစ်မယ် ရည်မွန်

0
210

Ye-Mon၁၉၉ဝ ပြည့်နှစ် များဆီက မွေးဖွားခဲ့တဲ့ ပရိသတ်တွေ အထူးလွမ်းဆွတ် တမ်းတဖွယ်ဖြစ်တဲ့ Back To Millennium ဂီတဖျော်ဖြေပွဲကြီးကတော့ ပြီး ဆုံးခဲ့ပါပြီ။ ဒီပွဲကြီးမှာ ၂ဝဝဝ ပြည့်နှစ်ကျော် လောက်က အောင်မြင်ကျော်ကြား ခဲ့တဲ့ မိန်းကလေး Girls Band ဖြစ်တဲ့ NO အဖွဲ့လည်း ပါဝင်ဖျော်ဖြေ ခဲ့ပါတယ်။ Back To Millenniumရှိုးပွဲကြီးကြောင့် NO အဖွဲ့ အနေနဲ့ သီချင်းတွေပြန်လုပ်ဖို့ အားတွေဖြစ်သွားခဲ့ပါ တယ်လို့ NO အဖွဲ့ ရည်မွန်က ပွဲအပြီးမှာ သူမရဲ့ ဖီလင်ကို ပြောပြလာပါတယ်။

“စစချင်းတုန်း ကတော့ ရတနာနဲ့ NO အဖွဲ့ဆိုပြီး မင်္ဂလာပွဲလေးတွေ ဆိုတယ်။ Dinner ပွဲလေးတွေ ဆိုတယ်။ နယ်ရှိုးလေးတွေ ဆိုတယ်။ ဒါပေမဲ့ သီချင်း အသစ် လုပ်ဖို့က စိတ် ထဲမှာပဲ ရှိတယ်။ တကယ်တမ်းတော့ မလုပ်ဖြစ်ဘူး။ အစ်မတို့ လုပ်ခဲ့ တာကလည်း ၁ဝနှစ်ကျော် လောက် ကြာသွားပြီ ဆိုတော့ စိုးရိမ်တာပေါ့နော်။ နောက်တက်လာတဲ့ အဆိုတော် အသစ်လေးတွေကိုပဲ အားပေးနေတာဆို တော့ ပရိသတ်က ကိုယ့်ဘက်မှာ ရှိသေးလားဆိုတဲ့ စိုးရိမ်စိတ်လေး တွေတော့ ရှိတာပေါ့။ အခု ဒီပွဲပြီးသွားတဲ့ အခါမှာတော့ ပိုးပြန်ဝင်သွားတယ်။ ပရိသတ် ကလည်း ဆက်လုပ်ပါ၊ အားပေးနေတယ် ဆိုတော့ သီချင်းပြန်လုပ်ချင် စိတ်တော့ ဖြစ်မိတယ်” လို့ ရည်မွန်က ဆိုပါတယ်။ စစချင်း အနေနဲ့ကတော့ သီချင်း အသစ် တစ်ပုဒ်ချင်း စီကို ကွာလတီ ကောင်းကောင်း နဲ့ ဖန်တီးပြီး အွန်လိုင်းက Music Store တွေကနေ ပဲဖြစ်ဖြစ်၊ Free Download အနေ နဲ့ ပဲဖြစ်ဖြစ် ထွက်လာဖို့ ရှိတယ်လို့ ရည်မွန်က ဆက်လက် ပြောပါတယ်။ အရင်ကာလများ ဆီက Rap ဆိုတဲ့ မိန်းကလေး အဆိုတော်တွေထဲမှာ သိပ်ကို ရှားပါးခဲ့ပြီး ရည်မွန်က NO အဖွဲ့မှာ RAP ဆိုတဲ့ အပိုင်းကို တာဝန်ယူ ထားသူပါ။ အခုလို အရွယ် မှာ RAP ပြန်ဆိုတော့ အရင်အတိုင်းပဲလားလို့ မေးတဲ့အခါ..

” ပရိသတ် အားပေးခဲ့စဉ်တုန်းက ၃ ယောက် ဆိုတာပေါ့နော်။ Melody ပိုင်းကို သဇင်နဲ့ ရတနာနဲ့ ကဆိုတယ်။ ကိုယ့်ဘာသာ ကိုယ် အားရတာကတော့ Rapping ရွတ်တာကို အားရတယ်။ အဲဒီနေ့က ကျတော့ အစ်မတို့ အရင် တုန်းက သီချင်း အဟောင်းလေးတွေ ပြန်ဆိုရမယ်၊ အရင်တုန်းက Rapping လေးတွေ ပြန်ရွတ်ရမယ်ဆိုတော့ အခွေတုန်းက ပုံစံ မျိုးဖြစ်အောင်၊ အဲဒီတုန်းက ပုံစံမျိုးဖြစ်အောင် စိတ် နှစ်ပြီးတော့ ဆိုခဲ့ပါ တယ်” လို့ ရည်မွန် (No)က ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ – အောင်ဇော်မင်း