အကယ်ဒမီပွဲတက်ဖို့ မသေချာဘူး ခင်လှိုင်

0
110

Khin Hlaing

၂ဝ၁၅ ခုနှစ် အကယ်ဒမီပေးပွဲ မှာ ပရိသတ်တွေက အကယ်ဒမီရစေချင်ပေမယ့်လည်း အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရတဲ့ ခင်လှိုင်က ဒီနှစ်မှာတော့ သူ့ရဲ့ဇာတ်ကားတွေ အကယ်ဒမီစာရင်းမှာ ပါဝင်နေပေ မယ့်လည်း အကယ်ဒမီအတွက် ရင်ခုန်မှုမရှိဘဲ အကယ်ဒမီပေးပွဲကိုတက်ဖြစ်ဖို့ မသေချာဘူးလို့ ခင်လှိုင်က ဆိုပါတယ်။

” ဒီနှစ်အကယ်ဒမီပွဲကတော့ တက်ဖြစ်၊ မတက်ဖြစ်မသေချာဘူး။ မိသားစုနဲ့ တိုင်ပင်နေတုန်းပါပဲ။ တစ်နှစ်ပတ်လုံး အလုပ်တွေပဲလုပ်နေ ရတာဆိုတော့ ကလေးတွေနဲ့ ခရီး ထွက်ဖြစ်ရင်လည်း ထွက်ဖြစ်ပါမယ်။ ဒါကြောင့် အကယ်ဒမီပွဲတက်ဖို့ မသေချာပါဘူး။ အကယ်ဒမီရင်ခုန်သံကတော့ မြင့်မြတ်ကိုရစေချင်တယ်။ ရမယ်လို့ လည်းထင်ပါတယ်။ နောက်တစ်ယောက်ကတော့ ထွန်းထွန်းပါ။ ကိုယ့်အတွက်ကတော့ ရင်မခုန်ပါ ဘူး။ ဒါပေမဲ့ ကျွန်တော့် အပေါ်ထားတဲ့ ပရိသတ်တွေရဲ့ စေတနာကို ကျွန်တော်သိပါ တယ်။ တန်ဖိုးလည်းထားပါတယ်” လို့ ခင်လှိုင်က ပြောပါတယ်။ ကျရာ ဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင် နိုင်တဲ့ ခင်လှိုင်က အသက်ကြီးလာတဲ့အခါ မှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမယ်လို့ဆိုတဲ့ ခင်လှိုင်က..

” ကျွန်တော်က ဒီလောကထဲကို ငယ်ငယ်လေးကတည်းက ခြေစုံပစ်ပြီး ဝင်လာတယ်။ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း၊ ရုပ်ရှင်အကြောင်း တွေကိုပဲသိတယ်။ တခြားစီးပွားရေး ကို အခုအချိန်မှ စလုပ်မယ်ဆိုရင် နားလည်းမလည်ဘူး။ ကျွမ်းလည်း မကျွမ်းကျင်ပါဘူး။ အဲဒါကြောင့် အသက်ကြီး လာရင် အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပဲ လုပ်ဖို့ စိတ်ကူးရှိပါတယ်။ နောက်နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် ဒါရိုက်တာ လိုင်းဘက်ကူးမယ်။ Production ထောင်တာမျိုး၊ Camera ထောင်တာမျိုးတွေ လုပ်ဖို့လည်း စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။ ခင်လှိုင်က မြင့်မြတ်နဲ့အတူ Gangstar ဇာတ်ကားတစ်ကားကို အခု ၂ဝ၁၇ ခုနှစ်အတွင်းမှာ ထပ်မံရိုက် ကူးသွားမယ်လို့ သိရပြီး ဒီဇာတ်ကားမှာတော့ ဇာတ်ကောင် စရိုက်မျိုးစုံနဲ့ ထူးထူးခြားခြား သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

” ကျွန်တော်နဲ့ မြင့်မြတ် နောက်ထပ် Gangstar ပုံစံမျိုး ဇာတ်ကားထပ်ရိုက်ကူးသွားမှာပါ။ Gangstar ပုံစံမျိုး အရင်ကရိုက်ကူးထားပေမယ့် ဒီဇာတ်ကားမှာ ကာရိုက်တာ ၃ ခု လောက်ချိန်းပြီး သရုပ်ဆောင်သွားမှာပါ” လို့ ခင်လှိုင်က ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here