ကဗျာဆရာ နရီ(မြိတ်) အတွက် ခွန်းချိုစကား

0
132

naymyo

ဒီဘက်နှစ်တွေမှာ ကဗျာ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထွက်လာတာ တွေ့ရတယ်။ ဒီဘက် နှစ်တွေဟာ ကဗျာဆရာတွေ ကြိုးတန်းလမ်းလျှောက်နေရတဲ့ နှစ်တွေ ပါပဲ။ မိမိပိုင်နိုင်ကျွမ်းကျင်မှုနဲ့ မိမိ နိုင်တဲ့ဝန်နဲ့ မိမိဟန်ချက်ကို ထိန်းသိမ်းပြီး ဖြတ်သန်းသွားရမယ့် အချိန်လည်း ဖြစ်ပါတယ်။

ကဗျာဆရာမှန်ရင် အယူအဆ တစ်ခု ရှိစမြဲ။ အယူအဆမရှိဘဲ ကဗျာကောင်းမဖြစ်နိုင်ပါ။ ဒါပေမဲ့ အထက်ကစကားကိုပဲ ပြန်ကောက်ရ ရင် ဒီဘက်နှစ်တွေမှာ ကဗျာဆရာ တွေ ကြိုးတန်းလမ်းလျှောက်နေရတဲ့ နှစ်တွေဖြစ်တယ်။ မိမိပိုင်နိုင်ကျွမ်း ကျင်မှုနဲ့ မိမိနိုင်တဲ့ဝန်နဲ့ မိမိဟန်ချက် ကို ထိန်းပြီးဖြတ်သန်းသွားရမယ့် အချိန်ဖြစ်ပါတယ်။

မိမိဟန်ချက်ကို ထိန်းတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ မေးခွန်း အတွက် အဖြေမရှိပါ။ ကျွန်တော် သဘောပြောရရင် ကဗျာဆရာဟာ ကဗျာဆရာတို့ စောင့်ထိန်းရမယ့် ကဗျာဆရာတစ်ယောက်ရဲ့ စာရိတ္တ ရှိရပါမယ်။ ကဗျာဆရာရဲ့ စာရိတ္တ ဆိုလို့ ကဗျာဆရာဟာ သက်သတ် လွတ်စား၊ ပုတီးစိပ်နေရမယ်လို့ မဆို လိုပါ။ အရက်သေစာရှောင်ကြဉ်ပြီး ဥပုသ်ဆောင်ဝင်နေရမယ်လို့လည်း မဆိုလိုပါ။ ပါရှန်း ကဗျာဆရာကြီး အိုမာခယမ် ရဲ့ အလွန်ကျော်ကြား တဲ့ ကဗျာတစ်ပိုဒ်ရှိပါတယ်။ ဝိုင် တစ်ခွက်၊ ပေါင်မုန့်တစ်လုံးနဲ့ မိန်းမလှတစ်ယောက်ရှိရင် ဘဝဟာ ပြည့်စုံပြီတဲ့။ ကျွန်တော်ဆိုလိုချင်တာက ကဗျာဆရာ့စာရိတ္တဆိုတာ မိမိကိုယ် ကိုယ် မိမိပြန်လည်ပြဋ္ဌာန်းချက်တစ်ခု ပါပဲ။ မိမိကိုယ်ကိုယ်မိမိ ပြန်လည် ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းချက်အတိုင်း နေထိုင်သွားဖို့ကို ဆိုလိုတာပါ။

ကြိုးတန်းလမ်းလျှောက်သူဟာ ဦးစွာ ကြမ်းပြင်မှာ မျဉ်းဖြောင့် (သို့မဟုတ်) ကြိုးတစ်ချောင်းချပြီး ခြေလှမ်းမှန်မှန် လမ်းလျှောက်ကာ စတင်လေ့ကျင့်ရတယ်လို့ လေ့လာ သိရှိဖူးပါတယ်။ အဲဒီလေ့ကျင့်မှု ကနေ အသူတရာနက်တဲ့ ချောက် ကမ်းပါးကြီးတစ်ခုကို ဆက်သွယ် ထားတဲ့ ကြိုးတန်းပေါ် အောင်မြင် စွာ လမ်းလျှောက်နိုင်တဲ့အထိ ပိုင်နိုင် ကျွမ်းကျင်သူတွေ ဖြစ်လာပါတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲတစ်ခုမှာ ကမ္ဘာ့အနက်ဆုံး ချောက်တစ်ခုဖြစ် တဲ့ ကင်ညွန်ချောက် ဆိုတာကို လေ့လာမှတ်သားဖူးပါတယ်။ ကဗျာ ဆရာဟာ ကြိုးတန်းလမ်းလျှောက်သူ မဟုတ်ပါ။ သို့ပေမယ့် ဒီကနေ့ ကဗျာ ဆရာတွေဟာ ကြိုးတန်းလမ်းလျှောက် နေရသူတွေ ဖြစ်တယ်လို့ ပြောကြည့် ချင်ပါတယ်။ အခု မြိတ်မြို့သား ကဗျာဆရာ နရီ (မြိတ်) ဟာ ကြိုးတန်းပေါ် လမ်းလျှောက်လာပါပြီ။ သူဟာ အောင်မြင်စွာ ဖြတ်သန်းသွားနိုင် မယ့် ကဗျာဆရာတစ်ယောက်ဖြစ်ပါ တယ်လို့ နှုတ်ခွန်းဆက်စကား ပြော ကြားလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်ဟာ ကဗျာဆရာ နရီ (မြိတ်) ရဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ဒီ စကားကို ပြောခဲ့ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း မိတ်ဆက်ပါ ရစေ။ ကျွန်တော်ဟာ ကြိုးတန်းကို တွဲလွဲခိုနေမိတဲ့သူပါ။ ကျန်းမာတော် မူကြပါစခင်ဗျာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here