အမေရိကန်ဟာ ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားပြီး အီရန်အစ္စလာမ် သမ္မတနိုင်ငံဘက်က လက်ရှိအခြေအနေကို ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့ ကြိုးစားလာရင် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်လို့ ဝါရှင်တန်အနီးက အင်ဒရူးစ်လေတပ်စခန်းမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။
”ကျုပ်တို့ အခုအချိန်မှာ ဟော်မုဇ် ရေလက်ကြားကို လုံးဝ ထိန်းချုပ်ထားပါတယ်။ ကျုပ်တို့ ပိုင်သွားပြီ။ တစ်ချိန်ချိန်မှာ သူတို့ (အီရန်) မဟုတ်တာတစ်ခုခု လုပ်လာရင်တော့ သူတို့ အမှုန့်ဖြစ်သွားလိမ့်မယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စစ်စတင်တိုက်ခိုက်ခဲ့ကြတာပါ။ ဇွန်လထဲမှာတော့ ဝါရှင်တန်နဲ့ တီဟီရန်တို့ဟာ လီဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ နားလည်မှုစာချွန်လွှာ(MoU) တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဇူလိုင် ၈ ရက်နေ့ စောစောပိုင်းမှာတော့ အီရန်ဘက်က ဟော်မုဇ် ရေလက်ကြားနဲ့ ပတ်သက်တဲ့ အရင်သဘောတူညီချက်တွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က အီရန်အပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုတွေ ပြန်စခဲ့ပါတယ်။
ဩဂုတ် ၂ ရက်နေ့မှာတော့ ထရမ့်က အီရန်နဲ့ သဘောတူညီချက်ရဖို့အတွက် စီစဉ်ထားတဲ့ အဓိက တို-က်ခိုက်မှုကို ဖျ-က်သိမ်းဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ ပြောပြချက်အရ အနာဂတ် သဘောတူညီချက် အကြမ်းကို နှစ်ဖက်လုံးက သဘောတူထားကြပြီဖြစ်လို့ အီရန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက တိုက်ခိုက်မှု မလုပ်ဖို့ ဝါရှင်တန်ကို တောင်းဆိုခဲ့ကြတာပါ။ ဩဂုတ် ၆ ရက်နေ့မှာ ဆော်ဒီ TV လိုင်း Al Arabiya က အဆင့်မြင့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝါရှင်တန်နဲ့ တီဟီရန်တို့အကြား ကြားဝင်စေ့စပ် ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
