မြို့သစ်၊ ဩဂုတ်-၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်တွင် ရေပိုလွှဲမှ ရေများ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ခြောက်ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၅၆၂ ဒသမ ၃၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ ( တစ် ဒသမ ရှစ်ပေခန့်)ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်း လည်း သိရသည်။
ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးရှိ ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
PHOTO -MOI
