အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြပြီး ကမ္ဘာတစ်ဝန်းထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။
သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်နီးစ်နှင့် ဗီယက်နမ်သမ္မတ တိုလမ်တို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းစေရန် သဘောတူညီခဲ့ ကြပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူမှောင်ခိုကူးမှုများကို တန်ပြန် ချေမှုန်းရေးတွင် ပိုမိုလုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်ဟု သြစတြေးလျဘက်က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ပါတီအကြီးအကဲနှင့် သမ္မတအဖြစ် လမ်၏ ပထမဆုံး သြစတြေးလျခရီးစဉ်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် အရေးကြီးသော တွင်းထွက်သတ္ထု့များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသောစွမ်းအင်ကဲ့သို့သော နယ်ပယ်များတွင် ပြန်လည်ကောင်းမွန်လာနိုင်သော ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို ထောက်ခံပံ့ပိုးရန် နှစ်ဖက်စလုံးက ကတိပြုခဲ့ကြသည်ဟု သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်းကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအပြင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် လေယာဉ်ပျံသန်းမှု၊ အတားအဆီးမရှိ တရားဝင်ကုန်သွယ်မှုနှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုတို့ကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ အငြင်းပွားမှုများကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမပြုဘဲ ဥပဒေနှင့် သံတမန်ရေးလုပ်ငန်းစဉ်များမှတဆင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် လက်ရှိတွင် ယူအက်စ်ဒေါ်လာ ၁၄ ဘီလျံခန့်ရှိပြီး သြစတြေးလျသည် ဗီယက်နမ်အတွက် အစိုးရ၏ ဖွံ့ဖြိုးရေးအကူအညီများကို အဓိကပံ့ပိုးသူလည်းဖြစ်ပြီး အခြေခံအဆောက်အဦ၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်မှုနှင့် စိမ်းလန်းသောစွမ်းအင် အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးသည်။ ဗီယက်နမ်နှင့် သြစတြေးလျတို့သည် ၁၉၇၃ ခုနှစ်တွင် သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ အဆင့်မြှင့်တင်ခဲ့သည်။
သြစတြေးလျမှတဆင့် လမ်သည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ဗီယက်နမ်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် နူးဇီလန်ကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် အခြားနယ်ပယ်များကို အဓိကထားဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။
Ref: အက်ဖ်ပီ