ပုသိမ်၊ ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ရေပြန်လည်ကျဆင်းပါက စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ရန်နှင့် စာသင်ကျောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကြိုတင်တွက်ချက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် စေတနာရှင်များ၏ အလှူငွေများနှင့် လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၂၀၀ ကို ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်၌ ကျင်းပသည့် ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရေကြည်မြို့ မြို့မရပ်ကွက် မိတ္ထီလာရိုးချောင်းအတွင်း ရေဝင်ရောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
