ရန်ကုန်၊ သြဂုတ်-၉
မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအနေ ဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဦး ဆောင်နေသည့် ISPE အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန်အတွက် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိရေး ကြိုးပမ်းရမည်ဖြစ်ပြီး၊ တိုက်စစ်ပိုင်းတွင် အဓိကကစားသမားများ ပြန်လည်စုံလင်လာသည့်အတွက် အသင်းအနေဖြင့် အင်အားပြည့်ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။
တစ်ဖက်တွင် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပြီး ချန်ပီယံပြေးလမ်းတွင် ဆက်လက်ပါဝင်နိုင်ရန်အတွက် ဧရာဝတီအသင်းနှင့်ပွဲတွင် အမှတ်ရရှိရေး ကြိုးပမ်းလာမည်ဖြစ်သည်။
ယခင်တွေ့ဆုံမှုများတွင် ဧရာဝတီအက်ဖ်စီက အသာစီးရခဲ့သော်လည်း လက်ရှိရာသီတွင် ရှမ်းယူနိုက်တက်အသင်း၏ ခြေစွမ်းမှာ တိုးတက်ကောင်းမွန်လာပြီး အသင်းကြီးများကို ယှဉ်ပြိုင်နိုင်သည့် အနေအထားရှိနေသဖြင့် ယနေ့ပွဲစဉ်မှာ အကြိတ်အနယ်ရှိလာဖွယ်ရှိသည်။
ထို့ကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ရန် ကြိုးပမ်းနေသည့် ဧရာဝတီအက်ဖ်စီက အနိုင်ရလဒ်ရယူနိုင်မလား၊ ရှမ်းယူနိုက်တက်အက်ဖ်စီက ရာသီဝက်နောက်ဆုံးပွဲစဉ်ကို ရလဒ်ကောင်းဖြင့် အဆုံးသတ်နိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယနေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး Channel 7 ရုပ်သံလိုင်းနှင့် Pyone Play Sports YouTube Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
