ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။
ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
