လေးမျက်နှာ၊ ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း ကျေးရွာ ၁၀၆ ရွာတို့၌ ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားရှိပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ပစ္စည်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး၊ စားသောက်ဖွယ်ရာ ထောက်ပံ့ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မြစ်ရေတိုက်စားမှု ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များ ချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်းနှင့် ရေကာတာ တာပေါင်မြေဖို့ခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
